အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၁-သာဓုသုတ်

၁၃၄။ ရဟန်းတို့ သင်တို့အား ကောင်းသော တရားကိုလည်းကောင်း၊ မကောင်းသော တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြား ပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ မကောင်းသော တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်၊ မှားယွင်းသော အကြံအစည်၊ မှားယွင်းသော စကား၊ မှားယွင်းသော အလုပ်၊ မှားယွင်းသော အသက်မွေးမှု၊ မှားယွင်းသော လုံ့လ၊ မှားယွင်းသော သတိ၊ မှားယွင်းသော သမာဓိ၊ မှားယွင်းသော ဉာဏ်၊ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မကောင်းသော တရားဟု ဆိုအပ်၏။ ရဟန်းတို့ ကောင်းသော တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်၊ မှန်ကန်သော အကြံအစည်၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော လုံ့လ၊ မှန်ကန်သော သတိ၊ မှန်ကန်သော သမာဓိ၊ မှန်ကန်သော ဉာဏ်၊ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို ကောင်းသော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။