အင်္ဂုတ္တရနိကာယ်

၁-ဗာလဝဂ်

၁ဝ-မလသုတ်

၁ဝ။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သီလမရှိသူလည်း ဖြစ်၏။ ထိုသူသည် သီလမရှိခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ငြူစူတတ်သူလည်း ဖြစ်၏၊ ထိုသူသည် ငြူစူခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ဝန်တို တတ်သူလည်း ဖြစ်၏။ ထိုသူသည် ဝန်တိုခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို ပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သီလရှိသူလည်း ဖြစ်၏။ ထိုသူသည် သီလမရှိခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ မငြူစူတတ်သူလည်း ဖြစ်၏၊ ထိုသူသည် ငြူစူခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ ဝန်မတို တတ်သူလည်း ဖြစ်၏။ ထိုသူသည် ဝန်တိုခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို ပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဗာလဝဂ် ပြီး၏။