အင်္ဂုတ္တရနိကာယ်

၂-ရထကာရဝဂ်

၁-ဉာတသုတ်

၁၁။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီး အပွါး မရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုး မရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သာသနာတော်အား မလျော်သော ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော မနောကံတရားတို့၌ (သူတစ်ပါး တို့ကို) ဆောက်တည်စေ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးမရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုးမရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူဖြစ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါး ရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— သာသနာတော်အားလျော်သော ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား လျော်သော ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား လျော်သော မနောကံတရားတို့၌ (သူတစ်ပါးတို့ကို) ဆောက် တည်စေ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။