အင်္ဂုတ္တရနိကာယ်

(၁၂) ၂-အာပါယိကဝဂ်

၁ဝ-မောနေယျသုတ်

၁၂၃။ ရဟန်းတို့ ပညာရှိသူ၏ အဖြစ်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်၊ ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်၊ မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်တို့တည်း။ ရဟန်းတို့ ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင် ကြဉ်၏၊ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု ဆိုအပ်၏။

ရဟန်းတို့ မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော ကိလေသာမှ လွတ်မြောက် သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာကို မျက်မှောက် ဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု ဆိုအပ်၏ဟု (မိန့်တော်မူပြီ)။ ကာယဒွါရ ဝစီဒွါရ မနောဒွါရ၌ ပညာရှိသည် ဖြစ်၍ အာသဝေါတရားမရှိသော ပညာရှိသော မောနေယျဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို အကုသိုလ်အားလုံးကို ပယ်ခွါပြီးသော ပုဂ္ဂိုလ်ဟု ဆိုကုန်၏။

ဒသမသုတ်။

နှစ်ခုမြောက် အာပါယိကဝဂ် ပြီး၏။