အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ကုသိနာရဝဂ်
၁-ကုသိနာရသုတ်
၁၂၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုသိနာရုံပြည် ဗလိဟရဏတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုသော်လည်းကောင်း၊ နိဂုံးကိုသော်လည်းကောင်း မှီ၍ နေ၏၊ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ချဉ်းကပ်၍ နက်ဖြန်အတွက် ဆွမ်းဖြင့် ပင့်ဖိတ်၏၊ ရဟန်းတို့ အလိုရှိသောရဟန်းသည် လက်ခံ၏။ ထိုရဟန်းသည် ထို ညဉ့်လွန်မြောက်ပြီး နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သူကြွယ် သို့မဟုတ် သူကြွယ်သား၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေ၏။ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင်လုပ်ကျွေး၏။
ထိုရဟန်းအား “ကောင်းလေစွ၊ ဤသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ငါ့အား မွန်မြတ်သော ခဲဖွယ်စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင့်လုပ်ကျွေးပေ၏”ဟု အကြံဖြစ်၏။ ထိုရဟန်းအား “ဤသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ငါ့အား နောင်အခါ၌လည်း ဤသို့ အလားတူ မွန်မြတ်သော ခဲဖွယ်စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင်လုပ်ကျွေးပါမူ ကောင်းပေလိမ့်မည်”ဟုလည်း အကြံဖြစ်ပြန်၏။ ထိုရဟန်းသည် ထို ဆွမ်းကို တပ်မက်မိန်းမောလျက် ငမ်းငမ်းတက်ဖြစ်၍ အပြစ်ကို ရှုလေ့ မရှိဘဲ ထွက်မြောက်ကြောင်း ပညာမရှိဘဲ သုံးဆောင်၏။ ထိုရဟန်းသည် ထို ရွာ နိဂုံး၌ ကာမဂုဏ်နှင့် စပ်သော အကြံကို ကြံ၏၊ ပျက်စီးစေလိုခြင်းနှင့်စပ်သော အကြံကိုလည်း ကြံ၏၊ ညှဉ်းဆဲခြင်းနှင့်စပ်သော အကြံကိုလည်း ကြံ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းအား ပေးလှူခြင်းသည် အကျိုးမကြီးဟူ၍ ငါဆို၏။ ထိုသို့ဆိုရခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ရဟန်းသည် မေ့မေ့လျော့လျော့ နေသောကြောင့်တည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တစ်ခုခုသော ရွာကိုသော်လည်းကောင်း၊ နိဂုံးကို သော်လည်းကောင်း မှီ၍ နေ၏၊ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ချဉ်းကပ်၍ နက်ဖြန်အတွက် ဆွမ်းဖြင့် ပင့်ဖိတ်၏၊ ရဟန်းတို့ အလိုရှိသောရဟန်းသည် လက်ခံ၏။ ထိုရဟန်းသည် ထို ညဉ့်လွန်မြောက်ပြီး နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် သူကြွယ် သို့မဟုတ် သူကြွယ်သား၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေ၏။ ထိုရဟန်းကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။
ထိုရဟန်းအား “ကောင်းလေစွ၊ ဤသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ငါ့အား မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေးပေ၏”ဟု အကြံမဖြစ်။ ထိုရဟန်းအား “ဤသူကြွယ်သည်လည်းကောင်း သူကြွယ်သားသည်လည်းကောင်း ငါ့အား နောင်အခါ၌လည်း ဤသို့ အလားတူ မွန်မြတ်သော ခဲဖွယ်စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင်လုပ်ကျွေးပါမူ ကောင်းပေလိမ့်မည်”ဟုလည်း အကြံ မဖြစ်။ ထိုရဟန်းသည် ထို ဆွမ်းကို မတပ်မက် မမိန်းမော ငမ်းငမ်းတက် မဖြစ်မူ၍ အပြစ်ကို ရှုလေ့ ရှိလျက် ထွက်မြောက်ကြောင်း ပညာရှိသည် ဖြစ်၍ သုံးဆောင်၏။ ထိုရဟန်းသည် ထို ရွာနိဂုံး၌ (ကာမဂုဏ်မှ) ထွက်မြောက်ကြောင်း အကြံကို ကြံ၏၊ မပျက်စီးစေလိုခြင်းနှင့်စပ်သော အကြံကို ကြံ၏၊ မညှဉ်းဆဲခြင်းနှင့်စပ်သော အကြံကို ကြံ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းအား ပေးလှူခြင်းသည် အကျိုးကြီး၏ဟူ၍ ငါဆို၏။ ထိုသို့ ဆိုရခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ရဟန်းသည် မမေ့မလျော့နေသောကြောင့်တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။