အင်္ဂုတ္တရနိကာယ်

(၉) ၄-သမဏဝဂ်

၇-ဒုတိယ သိက္ခာသုတ်

၈၈။ ရဟန်းတို့ ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဉ်းပြခြင်းသို့ ရောက်၏၊ ယင်းသိက္ခာပုဒ်တို့၌ မိမိအစီးအပွါးကို လိုလားသော အမျိုးသားတို့သည် ကျင့်ကုန်၏။ ရဟန်း တို့ အကျင့်’သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာတို့တည်း။ ရဟန်းတို့ အကျင့်’သိက္ခာ’တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါ မဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ် ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ခုနစ်ကြိမ်သာ အလွန်ဆုံး ပဋိသန္ဓေနေရခြင်း အတိုင်းအရှည်ရှိသော ‘သတ္တက္ခတ္တုပရမ’ သောတာပန်ဖြစ်၏၊ လူ့ပြည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း ခုနစ်ကြိမ် အတိုင်းအရှည် ပြေး သွားကျင်လည်ရလျက် ဒုက္ခ၏အဆုံးကို ပြု၏။ ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝမှ တစ်ဘဝသို့ (မြင့်မြတ်သော အမျိုးတစ်မျိုးမှ မြင့်မြတ်သော အမျိုးတစ်မျိုးသို့) ကျင်လည်ပြေးသွားသော သဘောရှိသော ‘ကောလံကောလ’ သောတာပန် ဖြစ်၏၊ နှစ်ဘဝတို့သို့လည်းကောင်း၊ သုံးဘဝတို့သို့လည်းကောင်း၊ ပြေးသွားကျင်လည်ရလျက် ဒုက္ခ၏ အဆုံးကို ပြု၏။ ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝသာ ပဋိသန္ဓေတည်နေရသော ‘ဧကဗီဇိ’ သောတာပန် ဖြစ်၏၊ လူ့ပြည်၌ တစ်ဘဝသာလျှင် ဖြစ်ရ၍ ဒုက္ခ၏ အဆုံးကို ပြု၏။ သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း’ရာဂ’၊ ပြစ်မှားခြင်း’ဒေါသ’၊ တွေဝေခြင်း’မောဟ’တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း သကဒါဂါမ် ဖြစ်၏၊ တစ်ကြိမ်သာလျှင် ဤလူ့ဘုံသို့ ပြန်လာ၍ ဒုက္ခ၏အဆုံးကို ပြု၏။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန် ငယ်ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ထို သိက္ခာပုဒ်တို့၌ အာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါ မဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစ ဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော ထို သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် အထက်ဘုံသို့ ဆောင် တတ်သော အယဉ် ‘တဏှာသောတ’ ရှိသော အကနိဋ္ဌဘုံသို့ ရောက်စေတတ်သော ‘ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ’ အနာဂါမ်ဖြစ်၏၊ ထို ပုဂ္ဂိုလ်သည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံဃောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဝိပဿနာဉာဏ်ဟူသော) တိုက်တွန်းခြင်း ရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော ‘သသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ်ဖြစ်၏။ ထိုရဟန်းသည် အောက့် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသော ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့် (ဝိပဿနာဉာဏ်ဟူသော) တိုက်တွန်းခြင်းမရှိဘဲ ပရိနိဗ္ဗာန်ပြုသော ‘အသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ်ဖြစ်၏။ ထိုရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက်အပိုင်းအခြား၏ ထက်ဝက်ကို) လွန်၍ ပရိနိဗ္ဗာန်ပြုသော ‘ဥပဟစ္စပရိနိဗ္ဗာယီ’ အနာဂါမ်ဖြစ်၏။ ထို ပုဂ္ဂိုလ်သည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေ နေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက် အပိုင်းအခြား၏) အလယ်ကြား၌ ပရိနိဗ္ဗာန်ပြုသော ‘အန္တရာပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ပညာ၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ် ကုန်သော သိက္ခာပုဒ် ‘အာပတ်’တို့သို့ သင့်လည်း သင့်ရောက်၏၊ ထို (အာပတ်တို့မှ) ထလည်း ထ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ထို အာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏ အဖြစ်ကို ငါမဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ်ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက် တည်၍ ကျင့်၏။ ထိုရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက် သော (အရဟတ္တဖိုလ်) စိတ်နှင့့်် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြုလေ့ရှိသော (သောတာပန် သကဒါဂါမ် အနာဂါမ်) ပုဂ္ဂိုလ်သည် တစ်စိတ်တစ်ဒေသ (အောက်ဖိုလ်) ကို ပြီးစေ၏၊ အပြည့်အစုံ (အရဟတ္တမဂ်) ကို ပြုလေ့ရှိသောပုဂ္ဂိုလ်သည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြီးစေ၏။ ရဟန်းတို့ သိက္ခာပုဒ်တို့ကို မမြုံ ‘အချည်းအနှီးမဟုတ်’ ကုန်ဟူ၍ သာလျှင် ငါဆို၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။