အင်္ဂုတ္တရနိကာယ်
(၉) ၄-သမဏဝဂ်
၈-တတိယ သိက္ခာသုတ်
၈၉။ ရဟန်းတို့ ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် လခွဲတစ်ကြိမ် အကျဉ်းပြခြင်းသို့ ရောက်၏၊ ယင်းသိက္ခာပုဒ်တို့၌ မိမိအစီးအပွါးကို လိုလားသော အမျိုးသားတို့သည် ကျင့်ကုန်၏။ ရဟန်း တို့ အကျင့်’သိက္ခာ’ တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ်အလုံးစုံသည် အကျုံးဝင်၏၊ အဘယ်သုံးမျိုးတို့နည်းဟူမူ— အဓိသီလသိက္ခာ အဓိစိတ္တသိက္ခာ အဓိပညာ သိက္ခာတို့တည်း။ ရဟန်းတို့ အကျင့်’သိက္ခာ’တို့သည် ဤသုံးမျိုးတို့တည်း၊ ယင်းသိက္ခာသုံးမျိုးတို့၌ ထို သိက္ခာပုဒ် အလုံးစုံသည် အကျုံးဝင်၏။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလတို့၌ ပြည့်ပြည့်စုံစုံ ပြုလေ့ရှိ၏၊ သမာဓိ၌ အတိုင်းအရှည်အားဖြင့် ပြုလေ့ရှိ၏၊ ပညာ၌ အတိုင်းအရှည် အားဖြင့် ပြုလေ့ရှိ၏၊ ထိုရဟန်းသည် ငယ်ကုန် အလွန်ငယ်ကုန်သော သိက္ခာပုဒ် (အာပတ်) တို့သို့ သင့်လည်း သင့်ရောက်၏၊ (ထို အာပတ်တို့မှ) ထလည်း ထ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ဤအာပတ်သင့်ခြင်း အာပတ်မှ ထခြင်း၌ (အရိယာပုဂ္ဂိုလ်အား) မထိုက်သည်၏အဖြစ်ကို ငါ မဟောအပ်သောကြောင့်တည်း။ (အရိယာမဂ်ဟူသော) မြတ်သော အကျင့်၏ အစဖြစ်ကုန် (အရိယာမဂ်ဟူသော) မြတ်သော အကျင့်အား လျောက်ပတ် ကုန်သော သိက္ခာပုဒ်တို့၌ ခိုင်မြဲသော သီလလည်း ရှိ၏၊ တည်တံ့သော သီလလည်း ရှိ၏၊ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ထိုရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့့်် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။
ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံဃောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက်အပိုင်းအခြား၏) အလယ်ကြား၌ ပရိနိဗ္ဗာန်ပြုသော ‘အန္တရာပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေ နေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (အသက် အပိုင်းအခြား၏) ထက်ဝက်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသော ‘ဥပဟစ္စပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရဟတ္တ ဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည် ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသောသံယောဇဉ်’အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဝိပဿနာဉာဏ်ဟူသော) တိုက်တွန်းခြင်းမရှိဘဲ ပရိနိဗ္ဗာန်ပြုသော ‘အသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရ ဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍မသိနိုင်သည်ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေ နေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဝိပဿနာ ဉာဏ်ဟူသော) တိုက်တွန်းခြင်းရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော ‘သသင်္ခါရပရိနိဗ္ဗာယီ’ အနာဂါမ် ဖြစ်၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည် ရှိသော် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အထက်ဘုံသို့ ဆောင်တတ်သော အယဉ် ‘တဏှာသောတ’ ရှိသော အကနိဋ္ဌဘုံသို့ ရောက်စေတတ်သော ‘ဥဒ္ဓံသောတအကနိဋ္ဌဂါမီ’ အနာဂါမ် ဖြစ်၏။
ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် သုံးပါးသော သံယော ဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’၊ ပြစ်မှားခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’ တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း သကဒါဂါမ် ဖြစ်၏၊ တစ်ကြိမ် သာလျှင် ဤလူဘုံသို့ ပြန်လာ၍ ဒုက္ခ၏အဆုံးကို ပြု၏။
ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် သုံးပါးသော သံယော ဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝသာ ပဋိသန္ဓေတည်နေရသော ‘ဧကဗီဇိ’ သောတာပန် ဖြစ်၏။ လူ့ပြည်၌ တစ်ဘဝသာလျှင် ဖြစ်ရ၍ ဒုက္ခ၏ အဆုံးကို ပြု၏။ ထို အရဟတ္တဖိုလ် သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍ မသိနိုင်သည်ရှိသော် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် တစ်ဘဝမှ တစ်ဘဝသို့ (မြင့်မြတ်သော အမျိုးတစ်မျိုးမှ မြင့်မြတ်သော အမျိုး တစ်မျိုးသို့) ကျင်လည်ပြေးသွားသော သဘောရှိသော ‘ကောလံကောလ’သောတာပန် ဖြစ်၏။ နှစ်ဘဝ တို့သို့လည်းကောင်း၊ သုံးဘဝတို့သို့လည်းကောင်း ပြေးသွားကျင်လည်ရလျက် ဒုက္ခ၏ အဆုံးကို ပြု၏။ ထို အရဟတ္တဖိုလ်သို့မူလည်း မရောက်နိုင်၊ ထိုးထွင်း၍မသိနိုင်သည်ရှိသော် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ခုနစ်ကြိမ်သာ (အလွန်ဆုံး) ပဋိန္ဓေနေရခြင်း အတိုင်း အရှည်ရှိသော ‘သတ္တက္ခတ္တုပရမ’ သောတာပန် ဖြစ်၏။ လူ့ပြည်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း ခုနစ်ကြိမ်အတိုင်းအရှည် ပြေးသွားကျင်လည်ရလျက် ဒုက္ခ၏အဆုံးကို ပြု၏။
ရဟန်းတို့ ဤသို့လျှင် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြုလေ့ရှိသောသူသည် အပြည့်အစုံ (အရဟတ္တဖိုလ်) ကို ပြီးစေ၏။ တစ်စိတ်တစ်ဒေသ (အောက်မဂ်) ကို ပြုလေ့ရှိသော (သောတာပန် သကဒါဂါမ် အနာဂါမ်) ပုဂ္ဂိုလ်သည် တစ်စိတ်တစ်ဒေသ (အောက်ဖိုလ်)ကို ပြီးစေ၏။ ရဟန်းတို့ သိက္ခာပုဒ်တို့ကို မမြုံ ‘အချည်းအနှီးမဟုတ်’ ကုန်ဟူ၍သာလျှင် ငါဆို၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။