အင်္ဂုတ္တရနိကာယ်
(၁၁) ၁-ဝလာဟကဝဂ်
၃-ကုမ္ဘသုတ်
၁ဝ၃။ ရဟန်းတို့ အိုးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— အချည်းနှီး ဖြစ်လျက် ပိတ်ထားသောအိုး၊ ပြည့်လျက် ဖွင့်ထားသောအိုး၊ အချည်းနှီးဖြစ်လျက် ဖွင့်ထားသောအိုး၊ ပြည့်လျက် ပိတ်ထားသောအိုးတို့တည်း။ ရဟန်းတို့ အိုးတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ အတူသာလျှင် အိုးနှင့်တူသော ပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— အချည်းနှီးဖြစ်လျက် ပိတ်ထားသော ပုဂ္ဂိုလ်၊ ပြည့်လျက် ဖွင့်ထားသော ပုဂ္ဂိုလ်၊ အချည်းနှီးဖြစ်လျက် ဖွင့်ထားသော ပုဂ္ဂိုလ်၊ ပြည့်လျက် ပိတ်ထားသော ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အချည်းနှီးဖြစ်လျက် ပိတ်ထားသော ပုဂ္ဂိုလ်မည်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်းဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အချည်းနှီးဖြစ်လျက် ပိတ်ထားသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို အိုးသည် အချည်းနှီး ဖြစ်လျက် ပိတ်ထားသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို အိုးနှင့် တူ၏ဟု ငါ ဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပြည့်လျက် ဖွင့်ထားသော ပုဂ္ဂိုလ်မည်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်း ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပြည့် လျက် ဖွင့်ထားသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို အိုးသည် ပြည့်လျက် ဖွင့်ထားသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို အိုးနှင့်တူ၏ဟု ငါ ဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အချည်းနှီးဖြစ်လျက် ဖွင့်ထားသောပုဂ္ဂိုလ်မည်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အချည်းနှီးဖြစ်လျက် ဖွင့်ထားသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို အိုးသည် အချည်းနှီးဖြစ်လျက် ဖွင့်ထားသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို အိုးနှင့် တူ၏ဟု ငါ ဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပြည့်လျက် ပိတ်ထားသော ပုဂ္ဂိုလ်မည်သနည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်း ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် ရှိ၏၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း” ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပြည့်လျက် ပိတ်ထားသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို အိုးသည် ပြည့်လျက် ပိတ်ထားသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထို အိုးနှင့်တူ၏ဟု ငါဆို၏။ ရဟန်းတို့ အိုးနှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။