အင်္ဂုတ္တရနိကာယ်
(၁၁) ၁-ဝလာဟကဝဂ်
၄-ဥဒကရဟဒသုတ်
၁ဝ၄။ ရဟန်းတို့ ရေအိုင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— တိမ်လျက် နက်ရောင်ရှိသော ရေအိုင်၊ နက်လျက် တိမ်ရောင်ရှိသော ရေအိုင်၊ တိမ်လျက် တိမ်ရောင်ရှိသော ရေအိုင်၊ ့နက်လျက် နက်ရောင်ရှိသော ရေအိုင်တို့တည်း။ ရဟန်းတို့ ရေအိုင်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— တိမ်လျက် နက်ရောင်ရှိသော ပုဂ္ဂိုလ်၊ နက်လျက် တိမ်ရောင်ရှိသော ပုဂ္ဂိုလ်၊ တိမ်လျက် တိမ်ရောင်ရှိသော ပုဂ္ဂိုလ်၊ နက်လျက် နက်ရောင်ရှိသော ပုဂ္ဂိုလ်တို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် နက်ရောင်ရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်း ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ်သပိတ်သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် ရှိ၏၊ ထို ပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် နက်ရောင်ရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို ရေအိုင်သည် တိမ်လျက် နက်ရောင်ရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို ရေအိုင်နှင့် တူ၏ဟု ငါ ဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လျက် တိမ်ရောင်ရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် နက်လျက် တိမ်ရောင်ရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို ရေအိုင်သည် နက်လျက် တိမ်ရောင် ရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို ရေအိုင်နှင့်တူ၏ဟု ငါ ဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် တိမ်ရောင်ရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်း ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် တိမ်ရောင်ရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို ရေအိုင်သည် တိမ်လျက် တိမ်ရောင်ရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို ရေအိုင်နှင့် တူ၏ဟု ငါ ဆို၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လျက် နက်ရောင်ရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်း ကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် ရှိ၏၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင် ဤပုဂ္ဂိုလ်သည် နက်လျက် နက်ရောင်ရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို ရေအိုင်သည် နက်လျက် နက်ရောင်ရှိသကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထို ရေအိုင်နှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ ရေအိုင်နှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။