အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဝလာဟကဝဂ်

၅-အမ္ဗသုတ်

၁ဝ၅။ ရဟန်းတို့ သရက်သီးတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီး၊ မှည့်လျက် စိမ်းရောင်ရှိသော သရက်သီး၊ စိမ်းလျက် စိမ်းရောင့်ရှိသော သရက်သီး၊ မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးတို့တည်း။ ရဟန်းတို့ သရက်သီးတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအတူသာလျှင် သရက်သီးနှင့် တူသော ပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— စိမ်းလျက် မှည့်ရောင်ရှိသော ပုဂ္ဂိုလ်၊ မှည့်လျက် စိမ်းရောင်ရှိသော ပုဂ္ဂိုလ်၊ စိမ်းလျက် စိမ်းရောင်ရှိသော ပုဂ္ဂိုလ်၊ မှည့်လျက် မှည့်ရောင်ရှိသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် မှည့်ရောင်ရှိသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် ရှိ၏၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် မှည့်ရောင်ရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို သရက်သီးသည် စိမ်းလျက် မှည့်ရောင် ရှိသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို သရက်သီးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင်ရှိသော ပုဂ္ဂိုလ်မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင်ရှိသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို သရက်သီးသည် မှည့်လျက် စိမ်းရောင်ရှိသကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို သရက်သီးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော ပုဂ္ဂိုလ်မည်၏။ ရဟန်းတို့ ထို သရက်သီးသည် စိမ်းလျက် စိမ်းရောင်ရှိသကဲ့သို့ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို သရက်သီးနှင့် တူ၏ဟု ငါဆို၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော ပုဂ္ဂိုလ် မည်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်း ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ခြင်းသည် ကြည်ညိုဖွယ် ရှိ၏၊ ထိုပုဂ္ဂိုလ်သည် “ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ပ။ “ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော ပုဂ္ဂိုလ် မည်၏။ ရဟန်းတို့ ထို သရက်သီးသည် မှည့်လျက် မှည့်ရောင် ရှိသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထို သရက်သီးနှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ သရက်သီးနှင့်တူသော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။