အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ကေသိဝဂ်

၆-အပ္ပမာဒသုတ်

၁၁၆။ ရဟန်းတို့ အကြောင်း လေးမျိုးတို့ဖြင့် မမေ့မလျော့ခြင်းကို ပြုအပ်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ကာယဒုစရိုက်ကို ပယ်စွန့်ကြကုန်လော့၊ ကာယသုစရိုက်ကို ပွါးများကြကုန် လော့၊ ထိုသို့ ကာယသုစရိုက်ကို ပွါးများခြင်း၌လည်း မမေ့မလျော့ကြကုန်လင့်။ ရဟန်းတို့ ဝစီဒုစရိုက်ကို ပယ်စွန့်ကြကုန်လော့၊ ဝစီသုစရိုက်ကို ပွါးများကြကုန်လော့၊ ထိုသို့ ဝစီသုစရိုက်ကို ပွါးများခြင်း၌လည်း မမေ့မလျော့ကြကုန်လင့်။ ရဟန်းတို့ မနောဒုစရိုက်ကို ပယ်စွန့်ကြကုန်လော့၊ မနောသုစရိုက်ကို ပွါးများကြ ကုန်လော့၊ ထိုသို့ မနောသုစရိုက်ကို ပွါးများခြင်း၌လည်း မမေ့မလျော့ကြကုန်လင့်။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိကို ပယ်စွန့်ကြကုန်လော့၊ သမ္မာဒိဋ္ဌိကို ပွါးများကြကုန်လော့၊ ထိုသို့ သမ္မာဒိဋ္ဌိကို ပွါးများခြင်း၌လည်း မမေ့မလျော့ကြကုန်လင့်။

ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် ကာယဒုစရိုက်ကို ပယ်စွန့်၏၊ ကာယသုစရိုက်ကို ပွါးများ၏၊ ဝစီဒုစရိုက်ကို ပယ်စွန့်၏၊ ဝစီသုစရိုက်ကို ပွါးများ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၏၊ မနောသုစရိုက်ကို ပွါးများ၏၊ မိစ္ဆာဒိဋ္ဌိကို ပယ်စွန့်၏၊ သမ္မာဒိဋ္ဌိကို ပွါးများ၏၊ (ထိုအခါ၌) ထို (ရဟန္တာဖြစ်သော) ရဟန်းသည် တမလွန်ဘဝ၌ ဖြစ်သော သေခြင်းမှ မကြောက်ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။