အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ပုဂ္ဂလဝဂ်
၁-သံယောဇနသုတ်
၁၃၁။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ပဋိသန္ဓေရကြောင်း သံယောဇဉ် ‘အနှောင်အဖွဲ့’၊ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေးသော ပုဂ္ဂိုလ် တစ်မျိုး။
ရဟန်းတို့ ဤလောက၌ အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ကိုသာပယ်၍ ပဋိသန္ဓေရကြောင်း သံယောဇဉ် ‘အနှောင်အဖွဲ့’နှင့် ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေးသော ပုဂ္ဂိုလ် တစ်မျိုး။
ရဟန်းတို့ ဤလောက၌ အောက်ပိုင်းသံယောဇဉ်’အနှောင်အဖွဲ့’နှင့် ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’တို့ကို ပယ်၍ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေးသော ပုဂ္ဂိုလ် တစ်မျိုး။
ရဟန်းတို့ ဤလောက၌ အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’တို့ကို ပယ်ပြီးသော ပုဂ္ဂိုလ်တစ်မျိုးတို့တည်း။
ရဟန်းတို့ အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သကဒါဂါမ်ပုဂ္ဂိုလ်ပင်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ပဋိသန္ဓေ ရကြောင်း သံယောဇဉ် ‘အနှောင်အဖွဲ့’၊ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေး။
ရဟန်းတို့ အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကိုသာပယ်၍ ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’နှင့် ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီ၁ (အနာဂါမ်) ပုဂ္ဂိုလ်ပင်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကိုသာ ပယ်၍ ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ နှင့် ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေး။
ရဟန်းတို့ အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ နှင့် ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို ပယ်၍ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အန္တရာပရိနိဗ္ဗာယီ၂ (အနာဂါမ်) ပုဂ္ဂိုလ်ပင်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို ပယ်၍ ဘဝရကြောင်း သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို မပယ်ရသေး။
ရဟန်းတို့ အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ပဋိသန္ဓေရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို ပယ်ပြီးပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန္တာပုဂ္ဂိုလ်ပင်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’၊ ပဋိသန္ဓေရကြောင်း သံယောဇဉ် ‘အနှောင်အဖွဲ့’၊ ဘဝရကြောင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ တို့ကို ပယ်ပြီးဖြစ်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၁။ ဥဒ္ဓံသောတအကနိဋ္ဌဂါမီဟူသည် အထက်၌ ရလတ္တံ့သော အရိယာမဂ်တည်းဟူသော သောတ (အယဉ်) ရှိသော အကနိဋ္ဌဘုံသို့ သွားမည့် အနာဂါမ် ပုဂ္ဂိုလ်တည်း။
၂။ အန္တရာပရိနိဗ္ဗာယီဟူသည် အသက်အပိုင်းအခြား အလယ်၌ ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ပုဂ္ဂိုလ်တည်း။