အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ပုဂ္ဂလဝဂ်
၉-ဓမ္မကထိကသုတ်
၁၃၉။ ရဟန်းတို့ တရားဟောပုဂ္ဂိုလ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ အချို့သော တရားဟောပုဂ္ဂိုလ်သည် အနည်းငယ်မျှကိုလည်း ဟော၏။
အကျိုးစီးပွါးနှင့် မစပ်သည်ကိုလည်း ဟော၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျိုး စီးပွါးနှင့် စပ်သည်, မစပ်သည်၌ မလိမ္မာ။ ရဟန်းတို့ ဤသို့သဘောရှိသော တရားဟော ပုဂ္ဂိုလ်သည် ဤသို့သဘောရှိသော ပရိသတ်၏တရားဟော ပုဂ္ဂိုလ်ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော တရားဟော ပုဂ္ဂိုလ်သည် အနည်းငယ်မျှကိုလည်း ဟော၏။ အကျိုးစီးပွါးနှင့် စပ်သည်ကိုလည်း ဟော၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျိုးစီးပွါး နှင့် စပ်သည်, မစပ်သည်၌ လိမ္မာ၏၊ ရဟန်းတို့ ဤသို့သဘောရှိသော တရားဟောပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော ပရိသတ်၏တရားဟော ပုဂ္ဂိုလ်ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော တရားဟော ပုဂ္ဂိုလ်သည် များစွာလည်း ဟော၏၊ အကျိုးစီးပွါးနှင့် မစပ်သည်ကိုလည်း ဟော၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျိုးစီးပွါးနှင့်စပ်သည်, မစပ်သည်၌ မလိမ္မာ။ ရဟန်းတို့ ဤသို့သဘောရှိသော တရားဟောပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော ပရိသတ်၏တရားဟော ပုဂ္ဂိုလ်ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော တရားဟော ပုဂ္ဂိုလ်သည် များစွာလည်း ဟော၏၊ အကျိုးစီးပွါးနှင့် စပ်သည်ကိုလည်း ဟော၏၊ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျိုးစီးပွါးနှင့် စပ်သည်, မစပ်သည်၌ လိမ္မာ၏။ ရဟန်းတို့ ဤသို့သဘောရှိသော တရားဟောပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော ပရိသတ်၏တရားဟော ပုဂ္ဂိုလ်ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ တရားဟော ပုဂ္ဂိုလ်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။