အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ပုဂ္ဂလဝဂ်
၁ဝ-ဝါဒီသုတ်
၁၄ဝ။ ရဟန်းတို့ ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— အနက်အားဖြင့်သာ ကုန်ခြင်းသို့ ရောက်၍ သဒ္ဒါအားဖြင့်ကား ကုန်ခြင်းသို့ မရောက်ဘဲ ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်သည် ရှိ၏၊ သဒ္ဒါအားဖြင့်သာ ကုန်ခြင်းသို့ ရောက်၍ အနက်အားဖြင့်ကား ကုန်ခြင်းသို့ မရောက်ဘဲ ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်သည် ရှိ၏၊ အနက်အားဖြင့်လည်းကောင်း၊ သဒ္ဒါ အားဖြင့်လည်းကောင်း ကုန်ခြင်းသို့ ရောက်၍ ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်သည် ရှိ၏၊ အနက်အားဖြင့်လည်းကောင်း၊ သဒ္ဒါအားဖြင့်လည်းကောင်း ကုန်ခြင်းသို့ မရောက်မူ၍ ပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်သည် ရှိ၏။ ရဟန်းတို့ ပြောဆိုလေ့ရှိကုန်သော ပုဂ္ဂိုလ်တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ပဋိသမ္ဘိဒါ လေးပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အနက်အားဖြင့်လည်းကောင်း၊ သဒ္ဒါအားဖြင့်လည်းကောင်း ကုန်ခြင်းသို့ ရောက်ရာသောအကြောင်း အခွင့်မရှိချေဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက် ပုဂ္ဂလဝဂ် ပြီး၏။