အင်္ဂုတ္တရနိကာယ်

၅-ရောဟိတဿဝဂ်

၁ဝ-ဥပက္ကိလေသသုတ်

၅ဝ။ ရဟန်းတို့ လ နေတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပေတည်း၊ ယင်းညစ်နွမ်း ကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ့်ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ— တိမ်တိုက်တို့သည် လ နေတို့၏ ညစ်နွမ်းကြောင်းတို့တည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ဆီးနှင်းသည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်း ကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ အခိုးနှင့် မြူသည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ရာဟုအသုရိန်သည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်၊ ရဟန်းတို့ လ နေတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပင်တည်း၊ ယင်းညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်း ကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ဤအတူသာလျှင် သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့တည်း။ ယင်းညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော သမဏဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ သေရည်သေရက်ကို သောက်ကုန်လျက် သေအရက်ကို သောက်ခြင်းမှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(သေအရက်ကို သောက်ခြင်း)သည် သမဏဗြာဟ္မဏတို့၏ ပဌမညစ်နွမ်း ကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော သမဏဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ မေထုန်အကျင့်ကို မှီဝဲကုန်လျက် မေထုန်အကျင့်မှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(မေထုန်မှီဝဲခြင်း)သည် သမဏဗြာဟ္မဏတို့၏ ဒုတိယ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏ တို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ရွှေငွေကို သာယာကုန်လျက် ရွှေငွေကို ခံယူခြင်းမှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(ရွှေ ငွေကို ကိုင်ခံသာယာခြင်း)သည် သမဏဗြာဟ္မဏ တို့၏ တတိယညစ်နွမ်းကြောင်းတည်း၊ ယင်း ညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကုန်လျက် မှားသော အသက်မွေးခြင်းမှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(မှားသော အသက် မွေးခြင်း)သည် သမဏဗြာဟ္မဏတို့၏ စတုတ္ထညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်း ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ် ကုန်။ ရဟန်းတို့ သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပင်တည်း။ ယင်း ညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်ဟု (မိန့်တော်မူ၏)။

တပ်မက်ခြင်း’ရာဂ’ ပြစ်မှားခြင်း’ဒေါသ’တို့ဖြင့် ညစ်နွမ်းကုန်လျက် အဝိဇ္ဇာပိတ်ဆို့ ခံရကုန်သည်ဖြစ်၍ ချစ်ဖွယ်သဘောကို နှစ်သက်တတ်ကုန်သော အချို့သော သမဏ ဗြာဟ္မဏ ပုဂ္ဂိုလ်တို့သည် သေအရက်ကို သောက်ကုန်၏၊ မေထုန်ကို မှီဝဲကုန်၏၊ အချို့ သော သမဏဗြာဟ္မဏတို့သည် ပညာမရှိကုန်သည်ဖြစ်၍ ရွှေ ငွေကို ခံယူ ကုန်၏၊ မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကုန်၏၊ အကြင် ညစ်နွမ်းကြောင်းတို့ကြောင့် အချို့ သော သမဏဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ ့မတောက်ပကုန်၊ မစင်ကြယ်ကုန်၊ မြူနှင့်တကွ ဖြစ်ကုန်၏၊ တော သမင်နှင့် တူကုန်၏၊ ထို ညစ်နွမ်းကြောင်းတို့ကို နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်၏။ အမိုက်တိုက်ဖြင့် မြှေးယှက်အပ်ကုန်လျက် တဏှာ၏ ကျွန်ဖြစ်ကုန်သော တဏှာ ကြိုးရှိသူတို့သည် ကြမ်းတမ်းသော အတ္တဘောကို တိုးပွါးစေကုန်လျက် တစ်ဖန် ဘဝသစ်ကို ယူကြရကုန်သတည်း။

ဒသမသုတ်။

ငါးခုမြောက် ရောဟိတဿဝဂ် ပြီး၏။

ပဉ္စမ သုတ်ငါးဆယ် ပြီး၏။

——————