အင်္ဂုတ္တရနိကာယ်
(၆) ၁-ပုညာဘိသန္ဒဝဂ်
၁-ပဌမ ပုညာဘိသန္ဒသုတ်
၅၁။ သာဝတ္ထိနိဒါန်း။ ဤလေးမျိုးကုန်သော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်သည်။ ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည်။ ချမ်းသာကျိုး ရှိကုန်သည် နတ်ပြည်၌ ဖြစ်စေ တတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ၊ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ အကြင် ဒါယကာ၏ သင်္ကန်းကို သုံးဆောင်သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ် အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာ ကျိုးရှိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွားအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။
ရဟန်းတို့ အကြင် ဒါယကာ၏ ဆွမ်းကို သုံးဆောင်သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ် အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။
ရဟန်းတို့ အကြင် ဒါယကာ၏ ကျောင်းကို သုံးဆောင်သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ် အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။
ရဟန်းတို့ အကြင် ဒါယကာ၏ သူနာအထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို သုံးဆောင် သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင် တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။
ရဟန်းတို့ ဤလေးမျိုးသော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ် ကုန်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည် ချမ်းသာကျိုးရှှိိကုန်သည် နတ်ပြည်၌ ဖြစ်စေ့တတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။ ရဟန်းတို့ “ဤမျှလောက် အတိုင်းအရှည်ရှိသော ကောင်းမှုအထု ကုသိုလ် အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာ ကျိုးရှှိိ်သည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏”ဟု ဤကောင်းမှုအထု ကုသိုလ်အယဉ် လေးမျိုး တို့နှင့် ပြည့်စုံသော အရိယာသာဝက၏ ကောင်းမှုပမာဏကို ယူခြင်းငှါ မလွယ်။ စင်စစ်အားဖြင့် မရေ မတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ကောင်းမှုအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။
ရဟန်းတို့ မဟာသမုဒ္ဒရာ၌ “ဤမျှလောက် ကွမ်းစား၁ပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအရာ ပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစား အထောင် ပမာဏရှိ ရေတို့”ဟူ၍လည်းကောင်း၊ “ဤမျှလောက် ကွမ်းစားအသိန်း ပမာဏရှိရေတို့”ဟူ၍လည်းကောင်း ရေ၏ပမာဏကို ယူခြင်းငှါ မလွယ်၊ စင်စစ်အားဖြင့် မရေမတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ရေအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် “ဤမျှ လောက်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏”ဟု ဤကောင်းမှု အထု ကုသိုလ်အယဉ်လေးမျိုးတို့နှင့် ပြည့်စုံသော အရိယာ သာဝက၏ ကောင်းမှု ပမာဏကို ယူခြင်းငှါ မလွယ်။ စင်စစ်အားဖြင့် မရေမတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ကောင်းမှုအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။
များစွာသော ရေကို ဆောင်တတ်သော (ကွမ်းစားအစရှိသည်ဖြင့်) မနှိုင်းရှည့်အပ် သော၊ ပြင်းထန်သော အသံရှိသော၊ များစွာ ကြောက်မက်ဖွယ်ရာရှိသော၊ မြတ်သော ရတနာတို့၏ တည်ရာလည်းဖြစ်သော သမုဒ္ဒရာသို့ လူပေါင်းများစွာတို့ မှီဝဲရာဖြစ်၍ တသွင်သွင် စီးနေကုန်သော၊ မြောက်မြားစွာသော မြစ်တို့သည် (စီးဝင်) ကပ်ရောက်ကုန်သကဲ့သို့။ ဤအတူ ထမင်း အဖျော် အဝတ် ပုဆိုးကို ပေးလှူတတ်, အိပ်ရာ နေရာ ကျောင်း အိပ်ရာလွှမ်းကို ပေးလှူတတ်သော ပညာရှိသူသို့ ရေကို ဆောင်တတ်သော မြစ်တို့သည် သမုဒ္ဒရာသို့ (စီးဝင်) ကပ်ရောက်ကုန်သကဲ့သို့၊ ထို့အတူ ကောင်းမှုအယဉ် တို့သည် (စီးဝင်) ကပ်ရောက်ကုန်သတည်း။
ပဌမသုတ်။
၁။ ကွမ်းစား— လေးစလယ်ဝင် တစ်ပြည်သားကို တစ်ကွမ်းစားဟု ခေါ်သည်။