အင်္ဂုတ္တရနိကာယ်

(၉) ၄-မစလဝဂ်

၇-ပုတ္တသုတ်

၈၇။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— မတုန်လှုပ်သော ရဟန်း၊ ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်း၊ ပဒုမ္မာကြာနှင့်တူသော ရဟန်း၊ ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းတို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သေက္ခပုဂ္ဂိုလ်ဖြစ်၍ ကျင့်ဆဲဖြစ်၏၊ အတုမရှိသော ယောဂလေးပါးကုန်ရာ (အရဟတ္တဖိုလ်)ကို တောင့်တလျက် နေ၏။ ရဟန်းတို့ ရေမြေကို အစိုးရသော ဦးထိပ်၌ အဘိသိက် သွန်းအပ်ပြီးသော မင်း၏ အဘိသိက်သွန်းထိုက်သော သားကြီးသည် အဘိသိက်မသွန်းရသေးသော်လည်း တုန်လှုပ်ခြင်းသို့ မရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် သေက္ခဖြစ်၍ ကျင့်ဆဲဖြစ်သော ရဟန်းသည် အတုမရှိသော ယောဂလေးပါးကုန်ရာ (အရဟတ္တဖိုလ်) ကို တောင့်တလျက် နေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်းဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့် တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ဝိမောက္ခရှစ်ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍ကား မနေ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်းဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့် တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ဝိမောက္ခရှစ်ပါးတို့ကိုလည်း နာမကာယဖြင့် တွေ့ထိ၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့် တူသော ရဟန်းဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (သုံးဆောင်ပါဟု) တောင်းပန်အပ်သည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ တောင်းပန်အပ်သည် ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင် ရသည်ကား အနည်းငယ်သာတည်း။ တောင်းပန်အပ်သည် ဖြစ်၍သာလျှင် ကျောင်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ တောင်းပန်အပ်သည် ဖြစ်၍ သာလျှင် သူနာအထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို သုံးဆောင်ရသည်က များ၏၊ မတောင်း ပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ အတူနေ သီတင်းသုံးဖော်တို့သည် ထိုရဟန်းအား နှစ်မြို့ဖွယ် ကာယကံဖြင့်သာလျှင် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် ကာယကံဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း။ နှစ်မြို့ဖွယ် ဝစီကံဖြင့်သာလျှင် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် ဝစီကံဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း။ နှစ်မြို့ဖွယ် မနောကံဖြင့်သာလျှင် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် မနောကံဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း။ နှစ်မြို့ဖွယ် ပူဇော်ခြင်းကိုသာလျှင် ဆောင်ကြသည်က များ၏၊ မနှစ်မြို့ဖွယ် ပူဇော်ခြင်းကို ဆောင်ကြသည်ကား အနည်းငယ်သာတည်း။ သည်းခြေကြောင့်သော်လည်းကောင်း၊ သလိပ်ကြောင့်သော်လည်းကောင်း၊ လေကြောင့်သော်လည်းကောင်း၊ သည်းခြေ သလိပ် လေတို့၏ ပေါင်းဆုံမိခြင်း (သန္နိပါတ်)ကြောင့်သော်လည်းကောင်း၊ ဥတုဖောက်ပြန်ခြင်းကြောင့်သော်လည်းကောင်း၊ မညီမညွတ်ဆောင်ရွက်မှုကြောင့်သော်လည်းကောင်း၊ သူတစ်ပါးတို့ လုံ့လကြောင့်သော်လည်းကောင်း၊ ကံအကျိုးပေးခြင်းကြောင့်သော်လည်းကောင်း ဖြစ်ကုန်သော ဝေဒနာတို့သည် ထိုရဟန်းအား များစွာ မဖြစ်ကုန်၊ အနာရောဂါနည်း၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေကြောင်း ဖြစ်ကုန်သော လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော လေးမျိုးသော ဈာန်တို့ကို အလိုရှိတိုင်း ရ၏၊ မငြို မငြင်ရ၏၊ မပင်မပန်းရ၏။ အာသဝေါကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းဖြစ်၏။

ရဟန်းတို့ “ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းမည်၏”ဟူသော အကြင် စကားကို ဆိုသော သူသည် ကောင်းစွာ ဆိုလိုငြားအံ့၊ ရဟန်းတို့ “ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းမည်၏”ဟူသော ထို စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် ရည်ညွှန်း၍ ဆိုရာ၏။ ရဟန်းတို့ ငါသည် အလှူခံတော်မူပါဟု တောင်းပန်အပ်သည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ တောင်းပန်အပ်သည် ဖြစ်၍သာလျှင့်ဆွမ်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ တောင်းပန်အပ်သည် ဖြစ်၍သာလျှင် ကျောင်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင် ရသည်ကား အနည်းငယ်သာတည်း။ တောင်းပန်အပ်သည် ဖြစ်၍သာလျှင် သူနာ၏အထောက်အပံ့ဖြစ်သော ဆေးကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ အတူနေ သီတင်းသုံးဖော်တို့သည် ငါ့ကို နှစ်မြို့ဖွယ် ကာယကံကိုသာလျှင် ပြုမူသည်က များ၏၊ မနှစ်မြို့ဖွယ် ကာယကံကို ပြုမူသည်ကား အနည်းငယ်သာတည်း။ နှစ်မြို့ဖွယ် ဝစီကံကို ပြုမှုသည်က များ၏၊ မနှစ်မြို့ဖွယ် ဝစီကံကို ပြုမူသည်ကား အနည်းငယ်သာတည်း။ နှစ်မြို့ဖွယ် မနောကံကို ပြုမှုသည်က များ၏၊ မနှစ်မြို့ဖွယ် မနောကံကို ပြုမူသည်ကား အနည်းငယ်သာတည်း။ နှစ်မြို့ဖွယ် ပူဇော်ခြင်းကို ဆောင်သည်က များ၏၊ မနှစ်မြို့ဖွယ် ပူဇော်ခြင်းကို ဆောင်သည်ကား အနည်းငယ်သာတည်း။ သည်းခြေလျှင် ဖြစ်ကြောင်းရှိကုန်သော၊ သလိပ်လျှင် ဖြစ်ကြောင်းရှိကုန်သော၊ လေလျှင် ဖြစ်ကြောင်းရှိကုန်သော၊ သည်းခြေ သလိပ် လေတို့၏ ပေါင်းဆုံမိခြင်းကြောင့် ဖြစ်ကုန်သော၊ ဥတု၏ ဖောက်ပြန်ခြင်းကြောင့် ဖြစ်ကုန်သော၊ မညီမညွတ်သော အတ္တဘောကို ဆောင်ခြင်းကြောင့် ဖြစ်ကုန်သော၊ သူတစ်ပါးတို့ လုံ့လကြောင့်လည်း ဖြစ်ကုန်သော ကံကြောင့်လည်း ဖြစ်ကုန်သော ဝေဒနာတို့သည် ငါ့အား များစွာ မဖြစ်ကုန်၊ ငါ့အား အနာရောဂါနည်း၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်း ရှိကုန်သော လွန်မြတ်သောစိတ်၌ ဖြစ်ကုန်သော လေးပါးကုန်သော ဈာန်တို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်)စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ “ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းမည်၏”ဟူသော အကြင် စကားကို ဆိုသော သူသည် ကောင်းစွာ ဆိုလိုငြားအံ့။ ရဟန်းတို့”ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းမည်၏”ဟူသော ထို စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် ရည်ညွှန်း၍ ဆိုရာ၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။