အင်္ဂုတ္တရနိကာယ်
(၉) ၄-မစလဝဂ်
၈-သံယောဇနသုတ်
၈၈။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— မတုန်လှုပ်သော ရဟန်း၊ ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်း၊ ပဒုမ္မာကြာနှင့် တူသော ရဟန်း၊ ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သော ရဟန်းတို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’ တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်းဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့် တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သုံးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း ‘ရာဂ’ ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’ တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း တစ်ကြိမ်သာလျှင် ဤလူ့ဘုံသို့ လာရောက်၍ ဆင်းရဲ၏ အဆုံးကို ပြုသော သကဒါဂါမ် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်းဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့် တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ်ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌ သာလျှင် ပရိနိဗ္ဗာန်ပြုလတ္တံ့သော ထို ဘုံမှ ပြန်လည်ခြင်းသဘောမရှိသော အနာဂါမ် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့်တူသော ရဟန်းဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ ရောက်လျက်နေသော ရဟန္တာဖြစ်၏၊ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းဖြစ်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။