အင်္ဂုတ္တရနိကာယ်
(၉) ၄-မစလဝဂ်
၉-သမ္မာဒိဋ္ဌိသုတ်
၈၉။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— မတုန်လှုပ်သော ရဟန်း၊ ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်း၊ ပဒုမ္မာကြာနှင့်တူသော ရဟန်း၊ ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သော ရဟန်းတို့တည်း။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မှန်ကန်သော အမြင်ရှိ၏၊ မှန်ကန်သော အကြံရှိ၏၊ မှန်ကန်သော စကားရှိ၏၊ မှန်ကန်သော အမှုရှိ၏၊ မှန်ကန်သော အသက်မွေးခြင်းရှိ၏၊ မှန်ကန်သော လုံ့လရှိ၏၊ မှန်ကန်သော အောက်မေ့ခြင်း ရှိ၏၊ မှန်ကန်သော တည်ကြည်ခြင်းရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်းဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့် တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မှန်ကန်သော အမြင်ရှိ၏၊ မှန်ကန်သော အကြံရှိ၏၊ မှန်ကန်သော စကားရှိ၏၊ မှန်ကန်သော အမှုရှိ၏၊ မှန်ကန်သော အသက်မွေးခြင်းရှိ၏၊ မှန်ကန်သော လုံ့လရှိ၏၊ မှန်ကန်သော အောက်မေ့ခြင်း ရှိ၏၊ မှန်ကန်သော တည်ကြည်ခြင်းရှိ၏၊ မှန်ကန်သော ဉာဏ်ရှိ၏၊ မှန်ကန်သော လွတ်မြောက်ခြင်း ‘အရဟတ္တဖိုလ်’ ရှိ၏၊ ဝိမောက္ခရှစ်ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍ကား မနေ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်းဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့် တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မှန်ကန်သော အမြင်ရှိ၏။ပ။ မှန်ကန်သော လွတ်မြောက်ခြင်း ‘အရဟတ္တဖိုလ်’ ရှိ၏၊ ဝိမောက္ခရှစ်ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍လည်း နေ၏။ ရဟန်းတို့ ဤသို့ လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့် တူသော ရဟန်းဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (သုံးဆောင်ပါဟု) တောင်းပန်အပ်သည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ပ။ ရဟန်းတို့ “ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းမည်၏”ဟူသော အကြင် စကားကို ဆိုသောသူသည် ကောင်းစွာ ဆိုလိုငြားအံ့။ ရဟန်းတို့ “ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်း မည်၏”ဟူသော ထို စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် ရည်ညွှန်း၍ ဆိုရာ၏။
ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။