အင်္ဂုတ္တရနိကာယ်

(၉) ၄-မစလဝဂ်

၁ဝ-ခန္ဓသုတ်

၉ဝ။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မတုန်လှုပ်သော ရဟန်း၊ ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်း၊ ပဒုမ္မာကြာနှင့်တူသော ရဟန်း၊ ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းတို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော သေက္ခပုဂ္ဂိုလ် ဖြစ်၏၊ အတုမရှိသော ယောဂလေးပါးတို့ ကုန်ရာ (နိဗ္ဗာန်) ကို တောင့်တသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မတုန်လှုပ်သော ရဟန်း ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ရုပ်တည်း၊ ဤကား ရုပ်ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ခြင်းတည်း။ ဤကား ဝေဒနာတည်း။ပ။ ဤကား သညာတည်း။ပ။ ဤသည်တို့ကား သင်္ခါရတို့တည်း။ပ။ ဤကား ဝိညာဏ်တည်း၊ ဤကား ဝိညာဏ်ဖြစ်ကြောင်းတည် း၊ ဤကား ဝိညာဏ်၏ ချုပ်ခြင်းတည်း”ဟု ဤဥပါဒါနက္ခန္ဓာ ငါးပါးတို့၌ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်တလဲလဲ ရှုလျက် နေ၏၊ ဝိမောက္ခရှစ်ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍ကား မနေ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပုဏ္ဍရိက်ကြာနှင့်တူသော ရဟန်းဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့်တူသော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် “ဤကား ရုပ်တည်း၊ ဤကား ရုပ်ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ခြင်းတည်း၊ ဤကား ဝေဒနာတည်း။ပ။ ဤကား သညာတည်း။ပ။ ဤသည်တို့ကား သင်္ခါရတို့တည်း။ပ။ ဤကား ဝိညာဏ်တည်း၊ ဤကား ဝိညာဏ်ဖြစ်ကြောင်းတည် း၊ ဤကား ဝိညာဏ်၏ ချုပ်ခြင်းတည်း”ဟု ဤဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်တလဲလဲ ရှုလျက် နေ၏၊ ဝိမောက္ခရှစ်ပါးတို့ကို နာမကာယဖြင့် တွေ့ထိ၍လည်း နေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပဒုမ္မာကြာနှင့်တူသော ရဟန်းဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (သုံးဆောင်ပါဟု) တောင်းပန်အပ်သည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။ပ။ ရဟန်းတို့ “ရဟန်းတို့တွင် သိမ်မွေ့နူးညံ့သော ရဟန်းမည်၏”ဟူသော ထို စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် ရည်ညွှန်း၍ ဆိုရာ၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် မစလဝဂ် ပြီး၏။