အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဖာသုဝိဟာရဝဂ်

၅-ဖာသုဝိဟာရသုတ်

၁ဝ၅။ ရဟန်းတို့ ချမ်းသာစွာ နေရခြင်းတို့သည် ဤငါးမျိုးတို့တည်း၊

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ —

ရဟန်း၏မေတ္တာကာယကံသည် မျက်မှောက်၌သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်းသီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

ရဟန်း၏မေတ္တာဝစီကံသည် မျက်မှောက်၌သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်းသီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

ရဟန်း၏မေတ္တာမနောကံသည် မျက်မှောက်၌သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်းသီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန်အဖြစ်မှလွတ်မြောက်ကုန်သော၊ ပညာရှိတို့ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကိုဖြစ်စေတတ်သော သဘောရှိကုန်သော သီလတို့ဖြင့် မျက်မှောက်၌သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်း သီတင်းသုံးဖော်တို့နှင့် သီလတူသည်၏ အဖြစ်သို့ ရောက်လျက် နေ၏။

ဖြူစင်သော၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ ထိုအယူကို ပြုကျင့်သူအား ကောင်းစွာဝဋ်ဆင်းရဲကုန်ရန် ထုတ်ဆောင်တတ်သော သဘောရှိသည့် မှန်ကန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ဖြင့်မျက်မှောက်၌သော်လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်း သီတင်းသုံးဖော်တို့နှင့်အယူ ‘ဒိဋ္ဌိ’ တူမျှသည့်အဖြစ်သို့ ရောက်လျက် နေ၏။

ရဟန်းတို့ ချမ်းသာစွာ နေရခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။