အင်္ဂုတ္တရနိကာယ်

(၁၁) ၁-ဖာသုဝိဟာရဝဂ်

၄-သမဏ သုခုမာလသုတ်

၁ဝ၄။ ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သောရဟန်းဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (သုံးဆောင်တော်မူပါဟု) တောင်းပန်အပ်သည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်အပ်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း၊ တောင်းပန်အပ်သည် ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်ကား များ၏၊ မတောင်းပန်အပ်ဘဲ သုံးဆောင်ရသည်က အနည်းငယ်သာတည်း။

တောင်းပန်အပ်သည်ဖြစ်၍သာလျှင် ကျောင်းအိပ်ရာနေရာကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်အပ်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်အပ်သည်ဖြစ်၍သာလျှင် သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်အပ်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

အတူနေ သီတင်းသုံးဖော်တို့သည် ထိုရဟန်းအား နှစ်မြို့ဖွယ် ကာယကံဖြင့်သာလျှင် ပြုမူကြသည်ကများ၏၊ မနှစ်မြို့ဖွယ် ကာယကံဖြင့် ပြုမူကြသည်ကား အနည်းငယ်မျှသာတည်း၊ နှစ်မြို့ဖွယ်ဝစီကံဖြင့်သာလျှင် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် ဝစီကံဖြင့် ပြုမူကြသည်ကား အနည်းငယ်မျှသာတည်း၊ နှစ်မြို့ဖွယ် မနောကံဖြင့်သာလျှင် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် မနောကံဖြင့် ပြုမူကြသည်ကား အနည်းငယ်မျှသာတည်း၊ နှစ်မြို့ဖွယ် ပူဇော်ခြင်းကိုသာလျှင် ဆောင်ကြသည်က များ၏၊ မနှစ်မြို့ဖွယ်ပူဇော်ခြင်းကို ဆောင်ကြသည်ကား အနည်းငယ်မျှသာတည်း။

သည်းခြေကြောင့်သော်လည်းကောင်း၊ သလိပ်ကြောင့်သော်လည်းကောင်း၊ လေကြောင့်သော်လည်းကောင်း၊ သည်းခြေ သလိပ် လေတို့၏ ပေါင်းဆုံမိခြင်း ‘သန္နိပါတ်’ ကြောင့်သော်လည်းကောင်း၊ ဥတုဖောက်ပြန်ခြင်းကြောင့်သော်လည်းကောင်း၊ မညီမညွတ်ဆောင်ရွက်မှုကြောင့်သော်လည်းကောင်း၊ သူတစ်ပါးလုံ့လပယောဂကြောင့်သော်လည်းကောင်း၊ ကံအကျိုးပေးခြင်းကြောင့်သော်လည်းကောင်း ဖြစ်ကုန်သောဝေဒနာတို့သည် ထိုရဟန်းအား များစွာမဖြစ်ကုန်၊ အနာကင်း၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏။

ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သော ရဟန်းမည်၏။

ရဟန်းတို့ “ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သော ရဟန်း”ဟူသော စကားကို ကောင်းစွာ ဆိုလိုသူ သည်ငါ့ကို သာလျှင် ရည်ညွှန်း၍ဆိုသည်ရှိသော် ကောင်းစွာ (အမှန်အကန်) ဆိုရာရောက်၏။

ရဟန်းတို့ မှန်၏၊ ငါသည် တောင်းပန်အပ်သည်ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်အပ်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်မျှသာတည်း။

တောင်းပန်အပ်သည်ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်အပ်ဘဲသုံးဆောင်ရသည်ကား အနည်းငယ်မျှသာတည်း။

တောင်းပန်အပ်သည်ဖြစ်၍သာလျှင် ကျောင်း အိပ်ရာနေရာကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်အပ်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်မျှသာတည်း။

တောင်းပန်အပ်သည်ဖြစ်၍သာလျှင် သူနာ၏ အထောက်အပံ့ဆေး အသုံးအဆောင်ကို သုံးဆောင်ရသည်က များ၏၊ မတောင်းပန်အပ်ဘဲ သုံးဆောင်ရသည်ကား အနည်းငယ်မျှသာတည်း။

အတူနေ သီတင်းသုံးဖော်တို့သည် ငါ့ကို နှစ်မြို့ဖွယ် ကာယကံဖြင့် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် ကာယကံဖြင့် ပြုမူကြသည်ကား အနည်းငယ်မျှသာတည်း။

နှစ်မြို့ဖွယ် ဝစီကံဖြင့် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် ဝစီကံဖြင့် ပြုမူကြသည်ကားအနည်းငယ်မျှသာတည်း။

နှစ်မြို့ဖွယ် မနောကံဖြင့် ပြုမူကြသည်က များ၏၊ မနှစ်မြို့ဖွယ် မနောကံဖြင့် ပြုမူကြသည်ကားအနည်းငယ်မျှသာတည်း။

နှစ်မြို့ဖွယ် ပူဇော်ခြင်းကိုသာလျှင် ဆောင်ကြသည်က များ၏၊ မနှစ်မြို့ဖွယ်ပူဇော်ခြင်းကို ဆောင်ကြသည်ကား အနည်းငယ်မျှသာတည်း။

သည်းခြေကြောင့်သော်လည်းကောင်း၊ သလိပ်ကြောင့်သော်လည်းကောင်း၊ လေကြောင့်သော်လည်းကောင်း၊ သည်းခြေ သလိပ် လေတို့၏ ပေါင်းဆုံမိခြင်း ‘သန္နိပါတ်’ ကြောင့်သော်လည်းကောင်း၊ ဥတုဖောက်ပြန်ခြင်းကြောင့်သော်လည်းကောင်း၊ မညီမညွတ် ဆောင်ရွက်မှုကြောင့်သော်လည်းကောင်း သူတစ်ပါးလုံ့လပယောဂကြောင့်သော်လည်းကောင်း၊ ကံအကျိုးပေးခြင်းကြောင့်သော်လည်းကောင်း ဖြစ်ကုန်သော ဝေဒနာတို့သည် ငါ့အား များစွာ မဖြစ်ကုန်၊ အနာကင်း၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာနေကြောင်းဖြစ်သည့်လွန်မြတ်သော စိတ်၌ ဖြစ်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုငြင် ရ၏၊ မပင်မပန်း ရ၏။ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏။

ရဟန်းတို့ “ရဟန်းတို့တွင် နူးညံ့သိမ်မွေ့သော ရဟန်း”ဟူသော စကားကို ကောင်းစွာ ဆိုလိုသူ သည်ငါ့ကိုသာလျှင် ရည်ညွှန်း၍ဆိုသော် ကောင်းစွာ (အမှန်အကန်) ဆိုရာ ရောက်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။