အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ရာဇဝဂ်
၃-ဓမ္မရာဇာသုတ်
၁၃၃။ ရဟန်းတို့ တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်းသော်မှလည်း (အမှီ) မင်းကို မရခဲ့လျှင်စကြာရတနာကို မလည်စေနိုင်။
ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား—
“အသျှင်ဘုရား တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်း၏ အမှီမင်းဟူသည် အဘယ်ပါနည်း”ဟု လျှောက်၏။
“ရဟန်း (ကုသိုလ်ကမ္မပထ) တရားတည်း”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ရဟန်း ဤလောက၌ တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်းသည် တရားကိုသာလျှင် မှီ၍တရားကို အရိုအသေပြုလျက် တရားကို လေးစားလျက် တရားကို တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက် တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကို အကြီးအမှူးပြုလျက်နန်းတွင်းသူ နန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်း၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။
ရဟန်း နောက်တစ်မျိုးကား တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်းသည် တရားကိုသာလျှင်မှီ၍ တရားကို အရိုအသေပြုလျက် တရားကို လေးစားလျက် တရားကို တုပ်ဝပ်လျက် တရားကိုအောင်လံသဖွယ် ရှေ့ဆောင်ပြုလျက် တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကို အကြီးအမှူးပြုလျက် (အဘိသိက်သွန်းပြီးသော) မင်း (အဘိသိက်မသွန်းရသေးသော) အရံမင်းတို့၌။ပ။ စစ်သည်ဗိုလ်ပါ့အပေါင်း၌။ ပုဏ္ဏားနှင့်အမျိုးသားတို့၌။ နိဂုံးဇနပုဒ်သားတို့၌။ သမဏဗြာဟ္မဏတို့၌။ သားငှက်တို့၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။
ရဟန်း တရားရှိ၍ တရားမင်းဖြစ်သော ထိုစကြဝတေးမင်းသည် တရားကိုသာလျှင် မှီ၍ တရားကိုအရိုအသေပြုလျက် တရားကို လေးစားလျက် တရားကို တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ်ရှေ့ဆောင်ပြုလျက် တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကို အကြီးအမှူးပြုလျက် နန်းတွင်းသူနန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်း၌ တရားအားလျော်သောစောင့်ရှောက်မှုကာကွယ်မှု လုံခြုံမှုကို စီရင်၏။ (အဘိသိက်သွန်းပြီးသော) မင်း (အဘိသိက်မသွန်းရသေးသော) အရံမင်းစစ်သည်ဗိုလ်ပါအပေါင်း ပုဏ္ဏားနှင့် အမျိုးသား နိဂုံးဇနပုဒ်သား သမဏဗြာဟ္မဏ သားငှက်တို့၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၍ တရားဖြင့်သာလျှင် စကြာရတနာကိုလည်စေ၏၊ ထိုစကြာရတနာကို ရန်သူဖြစ်သည့် လူသတ္တဝါ တစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်။
ရဟန်း ဤအတူသာလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော တရားစောင့်သည့် တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည် တရားကိုသာလျှင် မှီ၍ တရားကို အရိုအသေပြုလျက် တရားကို လေးစားလျက် တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက် တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကိုအကြီးအမှူး ပြုလျက်—
“ဤသို့သဘောရှိသော ကာယကံကို မှီဝဲအပ်၏။ ဤသို့သဘောရှိသော ကာယကံကို မမှီဝဲအပ်။ ဤသို့သဘောရှိသော ဝစီကံကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော ဝစီကံကို မမှီဝဲအပ်။ ဤသို့ သဘောရှိသောမနော ကံကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော မနောကံကို မမှီဝဲအပ်။ ဤသို့ သဘောရှိသောအသက်မွေးမှုကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော အသက်မွေးမှုကို မမှီဝဲအပ်။ ဤသို့ သဘောရှိသောရွာနိဂုံးကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော ရွာနိဂုံးကို မမှီဝဲအပ်”ဟူ၍ ရဟန်းတို့၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။
ရဟန်း နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော တရားစောင့်သည့် တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရားကိုသာလျှင် မှီ၍ တရားကို အရိုအသေပြုလျက် တရားကို လေးစားလျက် တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက် တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကိုအကြီးအမှူးပြုလျက်—
“ဤသို့သဘောရှိသော ကာယကံကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော ကာယကံကို မမှီဝဲအပ်။ ဤသို့သဘောရှိသော ဝစီကံကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော ဝစီကံကို မမှီဝဲအပ်။ ဤသို့သဘောရှိသော မနောကံကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော မနောကံကို မမှီဝဲအပ်။ ဤသို့သဘောရှိသောအသက်မွေးမှုကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော အသက်မွေးမှုကို မမှီဝဲအပ်။ ဤသို့သဘောရှိသောရွာနိဂုံးကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော ရွာနိဂုံးကို မမှီဝဲအပ်”ဟူ၍ ရဟန်းမိန်းမ။ပ။ ဥပါသကာ။ပ။ ဥပါသိကာမတို့၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။
ရဟန်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော တရားစောင့်သည့် တရားမင်းဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် တရားကိုသာလျှင် မှီ၍တရားကို အရိုအသေပြုလျက် တရားကို လေးစားလျက် တရားကို တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက် တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကို အကြီးအမှူးပြုလျက်ရဟန်းတို့၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင်၊ ရဟန်းမိန်းမ့တို့၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင်၊ ဥပါသကာတို့၌ တရား အားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင်၊ ဥပါသိကာမတို့၌ တရားအားလျော်သောစောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် တရားဖြင့်သာ အတုမရှိသောဓမ္မစက်ကို လည်စေတော်မူ၏၊ ထိုဓမ္မစက်ကို သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေဗြဟ္မာဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်ကမျှ မဖျက်ဆီး မတားမြစ်နိုင်ဟု (မိန့်တော်မူ၏)။
တတိယသုတ်။