အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ရာဇဝဂ်

၄-ယဿံဒိသံသုတ်

၁၃၄။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မင်းသည် မည်သည့် အရပ်မျက်နှာ၌ပင် နေစေကာမူ မိမိနိုင်ငံ (အတွင်း)၌ သာလျှင်နေရ၏။

အဘယ်အင်္ဂါငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤလောက၌ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မင်းသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုးဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုး သန့်သောအမိဝမ်း ရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။

ကြွယ်ဝ၏၊ များသော ပစ္စည်းဥစ္စာ ရှိ၏၊ များသော အသုံးအဆောင်ရှိ၏၊ ပြည့်သော ဘဏ္ဍာတိုက်ကျီကြရှိကြ၏။

မိမိစကားကို နားထောင်၍ အမိန့်အတိုင်း လိုက်နာသော အင်္ဂါလေးပါးရှိသော စစ်သည်နှင့် ပြည့်စုံသည်ဖြစ်၍ အင်အားကြီးမား၏။

ထိုမင်း၏ သားကြီးသည်ကား ပညာရှိ၏၊ ရဲရင့်၏၊ ဆင်ခြင်တိုင်းထွာတတ်သော ပညာနှင့် ပြည့်စုံ၏၊ အတိတ်အနာဂတ်ပစ္စုပ္ပန်ဖြစ်သော အကျိုးစီးပွါးတို့ကို ကြံစည်ခြင်းငှါ စွမ်းနိုင်၏။

ဤတရားလေးမျိုးတို့သည် ထိုမင်း၏ ဘုန်းတန်ခိုး အကျော်အစောကို ရင့်ကျက် (ကြီးပွါး)စေကုန်၏။

ဘုန်းတန်ခိုး အကျော်အစောလျှင် ငါးခုမြောက်ဖြစ်သော ဤတရားနှင့် ပြည့်စုံသော ထိုမင်းသည်မည်သည့် အရပ်မျက်နှာ၌ပင် နေစေကာမူ မိမိနိုင်ငံ (အတွင်း)၌ သာလျှင် နေရ၏။

ထိုသို့ နေရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း—

ရဟန်းတို့ အောင်ပွဲရမင်းတို့အား ဤ (မိမိနိုင်ငံအတွင်း၌ ) နေရခြင်းသဘောသည် ဤသို့သာဖြစ်သင့်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မည်သည့်အရပ် မျက်နှာ၌ပင်နေစေကာမူ လွတ်မြောက်သော စိတ်ရှိသည်ဖြစ်၍သာလျှင် နေရ၏။

အဘယ် တရားငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—

သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ထိန်းလျက် အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့်ပြည့်စုံသည်ဖြစ်၍ နေ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်၏၊ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသောမင်းသည် အမျိုးဇာတ်နှင့် ပြည့်စုံသကဲ့သို့တည်း။

အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်ပြည့်စုံ၍ အလုံးစုံပြည့်စုံစင်ကြယ်သော မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်းအလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာ့ဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင်ထား၏၊ ဉာဏ်ဖြင့် ထိုးထွင်း၍သိ၏၊ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မင်းသည် ကြွယ်ဝ၍ များသောပစ္စည်းဥစ္စာ များသော အသုံးအဆောင် ပြည့်သော ဘဏ္ဍာတိုက် ကျီကြရှိသကဲ့သို့တည်း။

အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိလျက်နေ၏၊ အားအစွမ်း ရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ၊ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မင်းသည် အင်အားကြီးမားသကဲ့သို့တည်း။

ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ရာ (နိဗ္ဗာန်) သို့ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့်ပြည့်စုံ၏၊ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းအပ်ပြီးသော မင်းသည် သားကြီးရတနာနှင့် ပြည့်စုံသကဲ့သို့တည်း။

ထိုရဟန်းအား ဤတရားလေးပါးတို့သည် လွတ်မြောက်မှု (အရဟတ္တဖိုလ်) ကို ရင့်စေကုန်၏၊ ထိုရဟန်းသည် ဤ (အရဟတ္တဖိုလ်) ဝိမုတ္တိလျှင် ငါးခုမြောက်ဖြစ်သော တရားနှင့် ပြည့်စုံသည်ဖြစ်၍ မည်သည့်အရပ်မျက်နှာ၌ပင် နေစေကာမူ လွတ်မြောက်သော စိတ်ရှိသည်ဖြစ်၍သာလျှင် နေရ၏။

ထိုသို့နေရခြင်းသည် အဘယ့်ကြောင့်နည်း—

ရဟန်းတို့ လွတ်မြောက်သော စိတ်ရှိသော ရဟန္တာတို့အား ဤ (နေရခြင်း) သဘောသည် ဤသို့သာဖြစ်သင့်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။