အင်္ဂုတ္တရနိကာယ်
(၁၄) ၄-ရာဇဝဂ်
၅-ပဌမ ပတ္ထနာသုတ်
၁၃၅။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်းမျိုး ဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော မင်း၏ သားကြီးသည် မင်းအဖြစ်ကို တောင့်တ၏။
အဘယ်အင်္ဂါငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤလောက၌ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော မင်း၏သားကြီးသည်—
အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင်မျိုးရိုးသန့်သော အမိဝမ်းရှိ၏၊ ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ။
အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ်ကောင်း၏၊ စိတ်ကို ကြည်လင်စေနိုင်၏၊ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။
မိဘတို့ ချစ်အပ် မြတ်နိုးအပ်၏။
နိဂုံး ဇနပုဒ်နေသူတို့ ချစ်အပ် မြတ်နိုးအပ်၏။
မင်းမျိုးဖြစ်ကုန်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးကုန်သော မင်းတို့အား တတ်သင့်တတ်ထိုက်ကုန်သော ဆင်စီးအတတ် မြင်းစီးအတတ် ရထားစီးအတတ် လေးအတတ် ဓားခုတ် လှံထိုးအတတ်မျိုးတို့၌ အပြည့်အစုံသင်ယူပြီး ဖြစ်၏။
ထိုမင်းသားအား ဤသို့ အကြံဖြစ်၏—
“ငါသည် အမိဘက် အဖဘက် နှစ်ဖက်စလုံးတို့မှ ကောင်းသော ဇာတ်ရှိ၏၊ ဘိုး ဘေး ခုနစ်ဆက်တိုင်အောင် မျိုးရိုးသန့်သော အမိဝမ်းရှိ၏။
ဇာတ်နှင့်စပ်သော စကားဖြင့် အပယ်မခံရ၊ အကဲ့ရဲ့မခံရ၊ အဘယ့်ကြောင့် မင်းအဖြစ်ကို ငါမတောင့်တဘဲ နေရအံ့နည်း။
ငါသည် အလွန်အဆင်းလှ၏၊ ကြည့်ရှုဖွယ် ကောင်း၏၊ စိတ်ကို ကြည်လင်စေနိုင်၏၊ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏၊ အဘယ့်ကြောင့် မင်းအဖြစ်ကို ငါ မတောင့်တဘဲ နေရအံ့နည်း။
ငါသည် မိဘတို့ ချစ်အပ် မြတ်နိုးအပ်သူ ဖြစ်၏၊ အဘယ့်ကြောင့် မင်းအဖြစ်ကို ငါ မတောင့်တဘဲနေရအံ့နည်း။
ငါသည် နိဂုံး ဇနပုဒ်နေသူတို့ ချစ်အပ် မြတ်နိုးအပ်သူ ဖြစ်၏၊ အဘယ့်ကြောင့် မင်းအဖြစ်ကို ငါမတောင့်တဘဲ နေရအံ့နည်း။
ငါသည် မင်းမျိုးဖြစ်ကုန်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးကုန်သော မင်းတို့အား တတ်သင့်တတ်ထိုက်ကုန်သော ဆင်စီးအတတ် မြင်းစီးအတတ် ရထားစီးအတတ် လေးအတတ် ဓားခုတ်လှံထိုးအတတ်မျိုးတို့၌ အပြည့်အစုံ သင်ယူပြီးသူ ဖြစ်၏၊ အဘယ့်ကြောင့် မင်းအဖြစ်ကို ငါမတောင့်တဘဲ နေရအံ့နည်း”ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်ပြီးသော မင်း၏ သားကြီးသည် မင်းအဖြစ်ကို တောင့်တ၏။
ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကို တောင့်တ၏။
အဘယ်ငါးငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—
ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၏။
“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သောအကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။
အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ ခံ့သော အစာကို အညီအမျှ ကြေကျက်စေတတ်သည့် ဝမ်းမီးနှင့် ပြည့်စုံ၏။
စဉ်းလဲမှု မရှိ၊ လှည့်ပတ်မှု မရှိ၊ ဆရာ၌လည်းကောင်း၊ ပညာရှိသီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာပြုတတ်၏။
အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် ဖြစ်၍နေ၏၊ အားအစွမ်း ရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။
ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ (နိဗ္ဗာန်) သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။
ထိုရဟန်းအား ဤသို့ အကြံဖြစ်၏—
“ငါသည် ယုံကြည်ခြင်း ‘သဒ္ဓါ’ တရားရှိ၏။
‘ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည့်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏’ဟု မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။
အဘယ့်ကြောင့် အာသဝေါတရားတို့၏ကုန်ခန်းခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း။
ငါသည် အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်း အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါ ခံ့သော အစာကို အညီအမျှ ကြေကျက်စေတတ်သည့် ဝမ်းမီးနှင့် ပြည့်စုံ၏၊ အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း။
ငါသည် စဉ်းလဲမှု မရှိ၊ လှည့်ပတ်မှု မရှိ၊ ဆရာ၌လည်းကောင်း၊ ပညာရှိသီတင်းသုံးဖော်တို့၌လည်းကောင်းဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာပြုတတ်၏၊ အဘယ့်ကြောင့် အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း။
ငါသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သောလုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်း ရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကိုပစ်ချထားခြင်း မရှိ၊ အဘယ့်ကြောင့် အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း။
ငါသည် ပညာရှိ၏၊ ဖြစ်မှုပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ (နိဗ္ဗာန်) သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏၊ အဘယ့်ကြောင့်အာသဝေါတရားတို့၏ကုန်ခြင်းကို ငါ မတောင့်တဘဲ နေရအံ့နည်း”ဟု (အကြံဖြစ်၏)။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကိုတောင့်တ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။