အင်္ဂုတ္တရနိကာယ်
(၁၅) ၅-တိကဏ္ဍကီဝဂ်
၁-အဝဇာနာတိသုတ်
၁၄၁။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်ငါးမျိုးတို့သည် ထင်ရှားရှိကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ပေးပြီး၍ မထီမဲ့မြင် ပြု၏။
အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင် ပြု၏။
(ပြောလာသမျှ စကားကို ယုံကြည်သည်၏ အစွမ်းဖြင့်) ခံယူရန် ထားအပ်သော နှုတ်ရှိ၏။
လျှပ်ပေါ်လော်လည်၏။
နုန့်နှေး တွေဝေ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေးပြီး၍ မထီမဲ့မြင် ပြုသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ပုဂ္ဂိုလ်တစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦးအား သင်္ကန်း ဆွမ်း ကျောင်း သူနာ၏့အထောက်အပံ့ ဆေးအသုံးအဆောင်ကို ပေး၏၊ ထိုပုဂ္ဂိုလ်အား—
“ငါသည် ပေးရ၏၊ ဤသူသည်ကား ခံယူ၏”ဟု သဘောပိုက်၏။ ထိုပုဂ္ဂိုလ်ကို ပေးပြီး၍ မထီမဲ့မြင်ပြု၏။
ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေးပြီး၍ မထီမဲ့မြင် ပြု၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင် ပြုသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ပုဂ္ဂိုလ်တစ်ဦးသည် ပုဂ္ဂိုလ်တစ်ဦးနှင့် နှစ်နှစ်ဖြစ်စေ သုံးနှစ်ဖြစ်စေ အတူပေါင်းသင်းနေ၏၊ ထိုပုဂ္ဂိုလ်ကို အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင် ပြု၏။
ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အတူပေါင်းသင်းခြင်းဖြင့် မထီမဲ့မြင်ပြု၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် (ပြောလာသမျှ စကားကို ယုံကြည်သည်၏ အစွမ်းဖြင့်) ခံယူရန်ထားအပ်သော နှုတ်ရှိသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးက ချီးမွမ်းမှု ကဲ့ရဲ့မှုကိုပြောဆိုလာသည်ရှိသော် ထိုပြောလာသမျှ စကားကို လျင်မြန်စွာသာလျှင် ယုံကြည်သက်ဝင်၏။
ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် (ပြောလာသမျှ စကားကို ယုံကြည်သည်၏ အစွမ်းဖြင့်) ခံယူရန်ထားအပ်သော နှုတ်ရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျှပ်ပေါ်လော်လည်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ယုံကြည်မှု ‘သဒ္ဓါ’ နည်းပါး၏၊ ဆည်းကပ်မှုနည်းပါး၏၊ ချစ်ခင်မှု နည်းပါး၏၊ ကြည်ညိုမှု နည်းပါး၏။
ရဟန်းတို့ ဤ်သို့လျှင် ပုဂ္ဂိုလ်သည် လျှပ်ပေါ်လော်လည်၏။
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နုန့်နှေး တွေဝေသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်တရားတို့ကို မသိ၊ အပြစ်ရှိသော တရား အပြစ်မရှိသော တရားတို့ကို မသိ၊ ယုတ်သောတရား မြတ်သောတရားတို့ကိုမသိ၊ မည်းညစ်သော အဖို့ရှိသောတရား ဖြူစင်သော အဖို့ရှိသောတရားတို့ကို မသိ၊ ရဟန်းတို့ဤသို့လျှင် ပုဂ္ဂိုလ်သည် နုံ့နှေး တွေဝေ၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်ငါးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။