အင်္ဂုတ္တရနိကာယ်
(၁၅) ၅-တိကဏ္ဍကီဝဂ်
၉-ပဌမ သမယဝိမုတ္တသုတ်
၁၄၉။ ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီသမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အမှုသစ်၌ မွေ့လျော်ခြင်း။
စကားပြောမှု၌ မွေ့လျော်ခြင်း။
အိပ်ခြင်း၌ မွေ့လျော်ခြင်း။
အပေါင်းအဖော်၌ မွေ့လျော်ခြင်း။
လွတ်မြောက်ပြီးတိုင်းသော စိတ်ကို မဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီ သမာပတ်စိတ်ရှိသော) ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီ သမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အမှုသစ်၌ မမွေ့လျော်ခြင်း။
စကားပြောမှု၌ မမွေ့လျော်ခြင်း။
အိပ်ခြင်း၌ မမွေ့လျော်ခြင်း။
အပေါင်းအဖော်၌ မမွေ့လျော်ခြင်း။
လွတ်မြောက်ပြီးတိုင်းသော စိတ်ကို ဆင်ခြင်ခြင်းတို့တည်း။
ရဟန်းတို့ ဤ တရားငါးမျိုးတို့သည် ဝင်စားသော ခဏ၌ ကိလေသာမှ လွတ်သော (လောကီ သမာပတ်စိတ်ရှိသော) ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။