အင်္ဂုတ္တရနိကာယ်

၁-သေခဗလဝဂ်

၇-ကာမသုတ်

၇။ ရဟန်းတို့ သတ္တဝါတို့သည် များသောအားဖြင့် ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက်ကြကုန်၏။ ရဟန်းတို့ အမျိုးကောင်းသားသည် မြက်ရိတ်တံစဉ်နှင့် မြက်ထမ်းထမ်းပိုးကို စွန့်ပစ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ပါမူ “ယုံကြည်မှုဖြင့် ရဟန်းပြုသော ‘သဒ္ဓါပဗ္ဗဇိတ’ အမျိုးကောင်းသား”ဟုဆိုသင့်၏။

ထိုသို့ ဆိုသင့်ခြင်းသည် အဘယ်ကြောင့်နည်း။

ရဟန်းတို့ မည်သည့်ကာမဂုဏ်မျိုးမဆို ပျိုမျစ်နုနယ် ငယ်ရွယ်သူသာ ရနိုင်၏၊ ရဟန်းတို့အောက်တန်းစား ကာမဂုဏ်ဖြစ်စေ အလတ်တန်းစား ကာမဂုဏ်ဖြစ်စေ အထက်တန်းစား ကာမဂုဏ်ဖြစ်စေ ကာမဂုဏ်အားလုံးတို့သည် “ကာမဂုဏ်တို့”ဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ ပက်လက်အိပ်တတ်ကာမျှဖြစ်၍ နုနယ်ငယ်ရွယ်သော သူငယ်သည် အထိန်း၏ ပေါ့လျော့မှုကြောင့် သစ်သားစကို ဖြစ်စေ အိုးခြမ်းကွဲကို ဖြစ်စေ မျိုရာ၏၊ ထိုအရာကို အထိန်းသည် အလျင်အမြန်နှလုံးသွင်းပြီးလျှင် အလျင်အမြန်ထုတ်ယူရာ၏၊ အကယ်၍ အလျင်အမြန်ထုတ်ယူရန် မတတ်နိုင်ပါမူလက်ဝဲလက်ဖြင့် ဦးခေါင်းကို ကိုင်ကာ လက်ယာလက်ဖြင့် လက်ညှိုးကို ကွေး၍ သွေးနှင့်တကွသော်လည်း ထုတ်ယူရာ၏။

ထိုသို့ ပြုရခြင်းသည် အဘယ်ကြောင့်နည်း။ ရဟန်းတို့ သူငယ်ကို ညှဉ်းပန်းမှုသည်ကား ရှိပေ၏၊ မရှိဟု ငါမဆို၊ ရဟန်းတို့သို့ပင်ရှိလင့်ကစား အကျိုးကို လိုလား၍ အစီးအပွါးကို ရှာမှီးတတ် သနားစောင့်ရှောက်တတ်သော အထိန်းသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ဤအမှုမျိုးကို ပြုလုပ်သင့်သည်သာတည်း။

ရဟန်းတို့ ထိုသူငယ်ကြီးပြင်းလာ၍ အသိဉာဏ်ရှိလောက်သောအခါ အထိန်းသည် ထိုသူငယ်၌ ကြည့်ရှုဖွယ် မလို၊ ဤအခါ၌ သူငယ်သည် မိမိကိုယ်ကိုစောင့်ရှောက်နိုင်သူ ဖြစ်၏၊ မေ့လျော့တော့မည်မဟုတ်ချေ။

ရဟန်းတို့ ဤအတူပင် ရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှက်မှု ‘ဟိရီ’ ကြောက်လန့်မှု ‘သြတ္တပ္ပ’အားထုတ်မှု ‘ဝီရိယ’ သိမှု’ပညာ’ တို့ဖြင့် ကုသိုလ်တရားတို့၌ (ပြုလုပ်သင့်သည်ကို) မပြုလုပ်သေးသမျှကာလပတ်လုံး ငါသည် ထိုရဟန်းကိုစောင့်ရှောက်ထိန်းသိမ်းထားရမည်သာတည်း။

ရဟန်းတို့ ရဟန်းသည် ယုံကြည်မှု ‘သဒ္ဓါ’ ရှက်မှု ‘ဟိရီ’ ကြောက်လန့်မှု ‘သြတ္တပ္ပ’ အားထုတ်မှု ‘ဝီရိယ’ သိမှု’ပညာ’ တို့ဖြင့် ကုသိုလ်တရားတို့၌ (ပြုလုပ်သင့်သည်ကို) ပြုလုပ်သော ဤအခါ၌ မူကားငါသည် ထိုရဟန်း၌ ကြည့်ရှုဖွယ်မလို၊ ဤအခါ၌ ရဟန်းသည် မိမိကိုယ်ကိုစောင့်ရှောက်နိုင်သူ ဖြစ်ပေ၏၊ မေ့လျော့တော့မည် မဟုတ်ချေဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။