အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-ကကုဓဝဂ်

၆-သုတဓရသုတ်

၉၆။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို မှီဝဲသည် ရှိသော်မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (အမှုသစ်ကို) အားထုတ်မှု နည်းပါး၏၊ ကိစ္စနည်းပါး၏၊ မွေးမြူလွယ်၏၊ အသက်၏ အဆောက်အဦဖြစ်သော ပစ္စည်း (လေးပါး) တို့၌ ရောင့်ရဲလွယ်၏။

အစားအသောက် နည်းပါး၏၊ ဝမ်းရေးကို အားမထုတ်။

အအိပ်နည်းပါး၏၊ နိုးကြားမှု၌ အားထုတ်၏။

အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏။ အနက်, သဒ္ဒါနှင့်တကွ ဖြစ်၍ အလုံးစုံပြည့်စုံစင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သောအစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော တရားတို့ကို ထိုသူသည်များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့်ကောင်းစွာ ထိုးထွင်း၍ သိ၏။

(ကိလေသာမှ) လွတ်မြောက်တိုင်းသော (အရဟတ္တဖိုလ်) စိတ်ကို ဆင်ခြင်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို မှီဝဲသည်ရှိသော်မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။