အင်္ဂုတ္တရနိကာယ်
(၁ဝ) ၅-ကကုဓဝဂ်
၇-ကထာသုတ်
၉၇။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ပွါးများသည်ရှိသော် မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (အမှုသစ်ကို) အားထုတ်မှု နည်းပါး၏၊ ကိစ္စနည်း ပါး၏၊ မွေးမြူလွယ်၏၊ အသက်၏ အဆောက်အဦဖြစ်သော ပစ္စည်း (လေးပါး) တို့၌ ရောင့်ရဲလွယ်၏။
အစားအသောက် နည်းပါး၏၊ ဝမ်းရေးကို အားမထုတ်။
အအိပ်နည်းပါး၏၊ နိုးကြားမှု၌ အားထုတ်၏။
အလိုနည်းမှုနှင့်စပ်သောစကား။ပ။ ကိလေသာမှ လွတ်မြောက်မှု (အရဟတ္တဖိုလ်)၌ ဖြစ်သော ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်) နှင့်စပ်သောစကားဟူသော၊ ကိလေသာကို လွန်စွာခေါင်းပါးစေတတ်သော၊ စိတ်၏ ပွင့်လင်းကြောင်း (သမထ ဝိပဿနာ) အား လျောက်ပတ်သော သဘောရှိသည့် စကားမျိုးကိုအလိုရှိ တိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။
(ကိလေသာမှ) လွတ်မြောက်တိုင်းသော စိတ်ကို ဆင်ခြင်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အာနာပါနဿတိကို ပွါးများသည် ရှိသော်မကြာမြင့်မီပင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိနိုင်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။