သံယုတ္တနိကာယ်—၁၇

၂—ဒုတိယဝဂ်

၃—၁ဝ—သုဝဏ္ဏနိက္ခသုတ်စသော (၈) သုတ်

၁၆၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ငါဘုရားသည် “ဤအသျှင်သည် ရွှေစင်တစ်နိက္ခဟူသော အကြောင်းကြောင့်သော်လည်း။ပ။ ရွှေစင်နိက္ခတစ်ရာဟူသော အကြောင်းကြောင့်သော်လည်း။ သိင်္ဂနိက်ရွှေ တစ်နိက္ခဟူသော အကြောင်းကြောင့်သော်လည်း။ သိင်္ဂနိက်ရွှေ နိက္ခတစ်ရာဟူသော အကြောင်းကြောင့်သော်လည်း။ ရွှေဖြင့် ပြည့်သော မဟာပထဝီမြေဟူသော အကြောင်းကြောင့်သော်လည်း။ တစ်စုံတစ်ခုသော အာမိသဟူသော အကြောင်းကြောင့်သော်လည်း။ အသက်ဟူသော အကြောင်းကြောင့်သော်လည်း။ ဇနပုဒ်၌ ကောင်းခြင်းငါးရပ် ပြည့်စုံလတ်သည့် မိန်းမမြတ်ဟူသော အကြောင်းကြောင့်သော်လည်း။ သိလျက် ချွတ် ယွင်းသော စကားကို မဆိုရာ”ဟု အချို့သော ပုဂ္ဂိုလ်၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏။ ထိုသူကို တစ်ပါးသော အခါ၌ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ် ရှိသည်ဖြစ်၍ သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုနေသည်ကို တွေ့မြင်ရ၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။