သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၄—ဧကဓိတုသုတ်
၁၇၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ သဒ္ဓါတရားရှိသော ဥပါသိကာမသည် ချစ်အပ်သော နှလုံးကို ပွားစေတတ်သော တစ်ယောက် တည်းသော သမီးကို ကောင်းစွာ တောင်းပန်လိုသည်ရှိသော် “ချစ်သမီး— ခုဇ္ဇုတ္တရာ ဥပါသိကာမ, ဝေဠု ကဏ္ဍကီမြို့သူ နန္ဒမာတာ ဥပါသိကာမတို့နှင့် တူသော သဘောရှိသူ ဖြစ်ပါလေလော့”ဟု တောင်းပန်ရာ၏။ ရဟန်းတို့ ခုဇ္ဇုတ္တရာ ဥပါသိကာမနှင့် ဝေဠုကဏ္ဍကီမြို့သူ နန္ဒမာတာ ဥပါသိကာမတို့သည် ငါဘုရား၏ တပည့်ဖြစ်ကုန်သော ဥပါသိကာမတို့တွင် ချိန်ခွင်သဖွယ်တည်း၊ နှိုင်းယှဉ်ဖွယ်တည်း။ ချစ်သမီး သင်သည် အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုခဲ့မူ ခေမာဘိက္ခုနီမ, ဥပ္ပလဝဏ်ဘိက္ခုနီမတို့နှင့် တူသော သဘောရှိသူ ဖြစ်ပါလေလော့ဟု တောင်းပန်ရာ၏။ ရဟန်းတို့ ခေမာဘိက္ခုနီမနှင့် ဥပ္ပလဝဏ်ဘိက္ခုနီမတို့သည် ငါဘုရား၏ တပည့်မဖြစ်ကုန်သော ရဟန်းမိန်းမတို့တွင် ချိန်ခွင်သဖွယ်တည်း၊ နှိုင်းယှဉ်ဖွယ်တည်း။
ချစ်သမီး အရဟတ္တဖိုလ်သို့ မရောက်သေး၍ သေက္ခသာ ဖြစ်သော သင့်ကို လာဘ်ပူဇော်သကာ အကျော်အစောသည် မကျရောက်ပါစေလင့်ဟု တောင်းပန်ရာ၏၊ ရဟန်းတို့ အရဟတ္တဖိုလ်သို့ မရောက် သေး၍ သေက္ခသာ ဖြစ်သော ထိုရဟန်းမိန်းမကို လာဘ်ပူဇော်သကာ အကျော်အစော ကျရောက်ခဲ့မူ ထိုလာဘ်ပူဇော်သကာ အကျော်အစောသည် ထိုရဟန်းမိန်းမအား အန္တရာယ်ပြုခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
စတုတ္ထသုတ်။