သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၅—သမဏဗြာဟ္မဏသုတ်
၁၇၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစော၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိကုန်သော သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့၌ သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌ ဗြာဟ္မဏဟု မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ မနေရကုန်။
ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစော၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်း့ကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိသော သမဏဗြာဟ္မဏဟူသမျှတို့ကို သမဏတို့၌ သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌ ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏၊ ထိုအသျှင်တို့သည် သမဏဖြစ်ကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏဖြစ်ကျိုးကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။
ပဉ္စမသုတ်။