သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၉—ရဇ္ဇုသုတ်
၁၇၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊ အကြောကို ဖြတ်ပြီး ၍ အရိုးကို ဖြတ်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏။
ရဟန်းတို့ ဥပမာသော်ကား အားကြီးသော ယောကျာ်းသည် ခိုင်လှစွာသော သားမြီးကြိုးဖြင့် ခြေသလုံး (မြင်းခေါင်း) ကို ရစ်ပတ်လျက် ပွတ်တိုက်ရာ၏၊ ထိုသားမြီးကြိုးသည် အရေပါးကို ဖြတ်ရာ၏၊ အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်ရာ၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်ရာ၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်ရာ၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်ရာ၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်း ခြင်ဆီကို ထိလျက် တည်ရာ၏။
ရဟန်းတို့ ဤအတူသာလျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊ အရေ ပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊ အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊ အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊ အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်၏၊ အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
နဝမသုတ်။