သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၁ဝ—ဘိက္ခုသုတ်
၁၇၉။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် အာသဝေါကုန်ပြီးသော ရဟန္တာအား သော်လည်း အန္တရာယ်ကို ပြုရန် ဖြစ်နိုင်၏ဟူ၍ ငါ ဆို၏ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “အသျှင်ဘုရား လာဘ်ပူဇော်သကာ အကျော်အစောသည် အဘယ် သို့လျှင် အာသဝေါ ကုန်ပြီးသော ရဟန္တာအား အန္တရာယ်ပြုရန် ဖြစ်ပါသနည်း”ဟု လျှောက်၏၊ အာနန္ဒာ လာဘ်ပူဇော်သကာ အကျော်အစောကို ထိုရဟန္တာပုဂ္ဂိုလ်၏ မပျက်စီးနိုင်သော ကိလေသာမှ လွတ်မြောက် ရာ အရဟတ္တဖိုလ်သမာဓိ၏ အန္တရာယ်ကို ပြုရန် ဖြစ်၏ဟူ၍ ငါဆိုသည် မဟုတ်၊ အာနန္ဒာ လာဘ်ပူဇော် သကာ အကျော်အစောကို မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိလျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန္တာပုဂ္ဂိုလ်သည် ရအပ်ရောက်အပ်ကုန်သော မျက်မှောက် ဘဝ၌ ချမ်းသာစွာ နေမှု (ဖလသမာပတ်)တို့၏ အန္တရာယ်ပြုရန် ဖြစ်၏ဟူ၍ ငါ ဆို၏။
အာနန္ဒာ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်း တမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။ အာနန္ဒာ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည် “ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော် အစောကို စွန့်ကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောသည် ငါတို့၏ စိတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့”ဟူ၍ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ဒသမသုတ်။
တတိယဝဂ် ပြီး၏။