သံယုတ္တနိကာယ်—၂ဝ

၇—အာဏိသုတ်

၂၂၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ဒသာရဟမင်းတို့အား အာနကမည်သော မုရိုးစည်သည် ရှိ၏၊ ဒသာရဟမင်းတို့သည် အာနကမည်သော မုရိုးစည်ကို တီးခတ်သည်ရှိသော် ထိုမုရိုးစည်အား အခြားမယ်န အစပ်ကို ထည့်သွင်း ဆက်စပ်ကုန်၏။ ရဟန်းတို့ အာနကမည်သော မုရိုးစည်၏ အဟောင်းဖြစ်သော စည်အခေါင်းသည် ကွယ်ပျောက်၍ မယ်နအစပ်သည်သာလျှင် ကြွင်းကျန် သော အခါမျိုးသည် ဖြစ်လေရာ၏။ ရဟန်းတို့ ဤအတူသာလျှင် နောင်အခါ၌ ရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူအပ်သော နက်နဲကုန်သော၊ နက်နဲသော အနက်သဘောရှိကုန်သော၊ လောကမှ ထွက် မြောက်ကြောင်းဖြစ်ကုန်သော၊ ဆိတ်သုဉ်းခြင်းသုညတနှင့် စပ်ကုန်သော သုတ္တန်တို့ကို ဟောအပ်ကုန်သည် ရှိသော် ကောင်းစွာ မနာယူလိုကုန်လတ္တံ့၊ နားမထောင်ကုန်လတ္တံ့၊ သိလိုသော စိတ်ကို မဖြစ်စေကုန်လတ္တံ့၊ ထိုတရားတို့ကို သင်ယူအပ် အဖန်တလဲလဲ လေ့ကျက်အပ်၏ဟု မမှတ်ထင်ကုန်လတ္တံ့။

ကဗျာဆရာတို့ ဖွဲ့ဆိုအပ်ကုန်သော၊ ကဗျာဆရာတို့ စီရင်အပ်ကုန်သော၊ ဆန်းကြယ်သော အက္ခရာ ရှိကုန်သော၊ ဆန်းကြယ်သော ပုဒ်ဗျည်းရှိကုန်သော၊ သာသနာတော်ပြင်ပဖြစ်သော တပည့်တို့ ဟောအပ် ကုန်သော သုတ္တန်တို့ကို ဟောပြောအပ်ကုန်သည် ရှိသော် နာယူလိုကြကုန်လတ္တံ့၊ နားထောင်ကြကုန်လတ္တံ့၊ သိလိုသော စိတ်ကို ဖြစ်စေကုန်လတ္တံ့၊ ထိုသုတ္တန်တရားတို့ကို သင်ယူအပ် အဖန်တလဲလဲ လေ့ကျက်အပ်၏ ဟူ၍ မှတ်ထင်ကြကုန်လတ္တံ့။

ရဟန်းတို့ ဤအတူ မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော နက်နဲကုန်သော၊ နက်နဲသော အနက်သဘောရှိကုန်သော၊ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်သော၊ ဆိတ်သုဉ်းခြင်းသုညတနှင့် စပ်ကုန်သော ထိုသုတ္တန်တရားတို့၏ ကွယ်ပျောက်ခြင်းသည် ဖြစ်လတ္တံ့။ ရဟန်းတို့ ထို့ကြောင့် ဤ သာသနာတော်၌ “မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော နက်နဲကုန်သော၊ နက်နဲသော အနက်သဘော ရှိကုန်သော၊ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်သော၊ ဆိတ်သုဉ်းခြင်းသုညတနှင့် စပ်ကုန်သော သုတ္တန်တရားတို့ကို ဟောအပ်ကုန်သည် ရှိသော် ကောင်းစွာ နာယူကုန်အံ့၊ နားထောင်ကုန်အံ့၊ သိလိုသော စိတ်ကို ဖြစ်စေကုန်အံ့၊ ထိုတရားတို့ကို သင်ယူအပ် အဖန်တလဲလဲ လေ့ကျက်အပ်၏ဟု မှတ်ထင်ကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

သတ္တမသုတ်။