သံယုတ္တနိကာယ်—၂ဝ
၈—ကလိင်္ဂရသုတ်
၂၃ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား့သည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ ယခုအခါ လိစ္ဆဝီမင်းတို့သည် (အတတ်သင်ခြင်း၌) မမေ့မလျော့ကြမူ၍ ဆည်းကပ်ခြင်း၌ ပြင်းစွာ အားထုတ်ကုန်သည် ဖြစ်၍ သစ်သားတုံးကို ခေါင်းအုံးပြု၍ နေကြကုန်၏၊ မဂဓတိုင်းကို အစိုးရ သော ဝေဒေဟီမိဘုရား၏သား အဇာတသတ်မင်းသည် ထိုလိစ္ဆဝီမင်းတို့အား (နိုင်အံ့သော) အခွင့်အရေးကို မရနိုင်၊ (နိုင်အံ့သော) အကြောင်းကို မရနိုင်၊ ရဟန်းတို့ နောင် “အနာဂတ်”ကာလ၌ လိစ္ဆဝီမင်းတို့သည် သိမ်မွေ့ကုန်သည် သိမ်မွေ့နူးညံ့သော လက်ခြေရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ထိုလိစ္ဆဝီမင်းတို့သည် လဲမှို့ ခေါင်းအုံးရှိကုန်သည် နူးညံ့သော အိပ်ရာတို့၌ နေထွက်သည်တိုင်အောင် အိပ်ကုန်လတ္တံ့၊ မာဂဓတိုင်းကို အစိုးရသော ဝေဒေဟီမိဖုရား၏သား အဇာတသတ်မင်းသည် ထိုလိစ္ဆဝီမင်းတို့အား (နိုင်အံ့သော) အခွင့် အရေးကို ရလတ္တံ့၊ (နိုင်အံ့သော) အကြောင်းကို ရလတ္တံ့။
ရဟန်းတို့ ယခုအခါ၌ ရဟန်းတို့သည် မမေ့မလျော့ကြမူ၍ ကမ္မဋ္ဌာန်းအားထုတ်မှု၌ ပြင်းစွာ အား ထုတ်ကုန်သည် ဖြစ်လျက် သစ်သားတုံးကို ခေါင်းအုံးပြု၍ နေကြကုန်၏၊ ယုတ်မာသော ကိလေသာမာရ် သည် ထိုရဟန်းတို့အား အခွင့်အရေးကို မရနိုင်၊ အကြောင်းကို မရနိုင်။ ရဟန်းတို့ နောင် ‘အနာဂတ်’ ကာလ၌ ရဟန်းတို့သည် သိမ်မွေ့ကုန်သည် သိမ်မွေ့နူးညံ့သော လက်ခြေရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ထိုရဟန်းတို့သည် လဲမှို့ခေါင်းအုံးရှိကုန်သော နူးညံ့သော အိပ်ရာတို့၌ နေထွက်သည်တိုင်အောင် အိပ်ကုန် လတ္တံ့၊ ယုတ်မာသော ကိလေသာမာရ်သည် ထိုရဟန်းတို့အား အခွင့်အရေးကို ရလတ္တံ့၊ အကြောင်းကို ရလတ္တံ့။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “မမေ့မလျော့မူ၍ ကမ္မဋ္ဌာန်းအလုပ်၌ ပြင်းစွာ အားထုတ်ကုန်သည် ဖြစ်လျက် သစ်သားတုံးကို ခေါင်းအုံးပြု၍ နေကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရ မည်ဟု (ဟောတော်မူ၏)။
အဋ္ဌမသုတ်။