သံယုတ္တနိကာယ်—၂၂

(၁၂) ၂—ဓမ္မကထိကဝဂ်

၉—ဥပဒါနိယသုတ်

၁၂၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ စွဲလမ်းအပ်သော တရားတို့ကိုလည်းကောင်း၊ စွဲလမ်းမှုဥပါဒါန်ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ စွဲလမ်းအပ်သော တရားတို့ဟူသည် အဘယ်တို့နည်း၊ စွဲလမ်းမှု ဥပါဒါန်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ရုပ်သည် စွဲလမ်းအပ်သော တရားမည်၏၊ ရုပ်၌ လိုချင်မှု စွဲမက်မှုသည် စွဲလမ်းမှုဥပါဒါန်မည်၏။ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် စွဲလမ်းအပ်သော တရားမည်၏၊ ထိုဝိညာဏ်၌ လိုချင်မှု စွဲမက်မှုသည် စွဲလမ်းမှု ဥပါဒါန်မည်၏။ ရဟန်းတို့ ဤသည်တို့ကို စွဲလမ်းအပ်သော တရားတို့ဟူ၍လည်းကောင်း၊ စွဲလမ်းမှု ဥပါဒါန်ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။