သံယုတ္တနိကာယ်—၂၂
(၁၃) ၃—အဝိဇ္ဇာဝဂ်
၄—အဿာဒသုတ်
၁၂၉။ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာအား— “ငါ့သျှင်သာရိပုတြာ ‘အဝိဇ္ဇာအဝိဇ္ဇာ’ဟု ဆိုအပ်၏၊ အဘယ်သည် အဝိဇ္ဇာမည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း အဝိဇ္ဇာသို့ရောက်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ငါ့သျှင် ဤလောက၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ရုပ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ဝေဒနာ၏။ သညာ၏။
သင်္ခါရတို့၏။ ဝိညာဏ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ငါ့သျှင် ဤသည်ကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်း အဝိဇ္ဇာသို့ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။