သံယုတ္တနိကာယ်—၂၂
(၁၃) ၃—အဝိဇ္ဇာဝဂ်
၅—ဒုတိယ အဿာဒသုတ်
၁၃ဝ။ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ “ငါ့သျှင်သာရိပုတြာ ‘ဝိဇ္ဇာ ဝိဇ္ဇာ’ဟု ဆိုအပ်၏၊ အဘယ်သည် ဝိဇ္ဇာ မည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်းဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ငါ့သျှင် ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏၊ ဝေဒနာ၏။ သညာ၏။
သင်္ခါရတို့၏။ ဝိညာဏ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤသည်ကို ဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်းဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။