သံယုတ္တနိကာယ်—၂၂
(၁၅) ၅—ဒိဋ္ဌိဝဂ်
၁—အဇ္ဈတ္တသုတ်
၁၅ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ မိမိသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာအရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို စွဲ၍ မိမိသန္တာန်၌ ချမ်းသာဆင်းရဲ ဖြစ်၏။ ဝေဒနာရှိလျှင်။ပ။ သညာရှိလျှင်။ သင်္ခါရတို့ ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို စွဲ၍ မိမိသန္တာန်၌ ချမ်းသာ့ဆင်းရဲ ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုလျှင် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်နိုင်ရာသေးသလော။ မဖြစ်နိုင်ပါ အသျှင်ဘုရား။ ဝေဒနာသည်။ပ။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲမပြုလျှင် မိမိသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်နိုင်ရာသေးသလော။ မဖြစ်နိုင်ပါ အသျှင်ဘုရား။ ဤသို့မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။