သံယုတ္တနိကာယ်—၂၂
(၁၅) ၅—ဒိဋ္ဌိဝဂ်
၂—ဧတံ မမသုတ်
၁၅၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “ ဤကား ငါ့ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှုသနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတော်တို့သည် မြတ်စွာဘုရားသာအရင်းခံရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ ။ပ။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ ကိုယ် ‘အတ္တ’တည်း”ဟု ရှု၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုရာသလော။ မရှုရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲ မပြုလျှင် “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’တည်း”ဟု ရှုရာသလော။ မရှုရာပါအသျှင်ဘုရား။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။