သံယုတ္တနိကာယ်—၂၂
(၁၅) ၅—ဒိဋ္ဌိဝဂ်
၄—နော စ မေ သိယာသုတ်
၁၅၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “ငါ မဖြစ်ခဲ့မူ ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည် မဖြစ်တော့ဆိုလျှင် ငါ့ဥစ္စာဟူ၍ မဖြစ်လတ္တံ့”ဟု ဤသို့သော အယူ ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတော်တို့သည်မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “ငါ မဖြစ်ခဲ့လျှင် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည် မဖြစ်တော့ဆိုလျှင် ငါ့ဥစ္စာဟူ၍ မဖြစ်လတ္တံ့”ဟု ဤသို့သော အယူ ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကိုအစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “ငါ မဖြစ်ခဲ့မူ ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည် မဖြစ်တော့ဆိုလျှင်ငါ့ဥစ္စာဟူ၍ မဖြစ်တော့လတ္တံ့”ဟု ဤသို့သော အယူ ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “ငါ မဖြစ်ခဲ့မူ ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည် မဖြစ်တော့ဆိုလျှင် ငါ့ဥစ္စာဟူ၍ မဖြစ်တော့လတ္တံ့”ဟု ဤသို့သော အယူ ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါအသျှင် ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲ မပြုခဲ့မူ “ငါမဖြစ်ခဲ့လျှင် ငါ့ဥစ္စာဟု မဖြစ်ရာ၊ ငါသည် မဖြစ်တော့ဆိုလျှင် ငါ့ဥစ္စာဟု မဖြစ်တော့လတ္တံ့”ဟု ဤသို့သောအယူ ဖြစ် နိုင်ရာသေးသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။