သံယုတ္တနိကာယ်—၂၂
(၁၅) ၅—ဒိဋ္ဌိဝဂ်
၃—သော အတ္တာသုတ်
၁၅၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “ထိုအတ္တသည် ထိုလောကသည် ထိုငါသည် တမလွန်ဘဝ၌ မြဲသည် ခိုင်ခံ့သည်တည်တံ့သည် ဖောက်ပြန်ခြင်းသဘော မရှိသည် ဖြစ်ရအံ့”ဟု ဤသို့သော အယူ ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “ထိုအတ္တသည် ထိုလောကသည် ထိုငါသည် တမလွန်ဘဝ၌ မြဲသည် ခိုင်ခံ့သည် တည်တံ့သည် ဖောက်ပြန်ခြင်းသဘော မရှိသည် ဖြစ်ရအံ့”ဟု ဤသို့သောအယူ ဖြစ်ပေါ်၏။ ဝေဒနာ။ သညာ။ သင်္ခါရ။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “ထိုအတ္တသည် ထိုလောကသည် ထိုငါသည် တမလွန်ဘဝ၌ မြဲသည် ခိုင်ခံ့သည်တည်တံ့သည် ဖောက်ပြန်ခြင်းသဘော မရှိသည် ဖြစ်ရအံ့”ဟု ဤသို့သော အယူ ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုလျှင် “ထိုအတ္တသည် ထိုလောကသည် ထိုငါသည် တမလွန်ဘဝ၌ မြဲသည် ခိုင်ခံ့သည် တည်တံ့သည် ဖောက်ပြန်ခြင်းသဘော မရှိသည် ဖြစ်ရအံ့”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည်ချမ်းသာလော၊ ဆင်းရဲလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို အစွဲ မပြုလျှင် “ထိုအတ္တသည် ထိုလောကသည် ထိုငါသည် တမလွန်ဘဝ၌ မြဲသည်ခိုင်ခံ့သည် တည်တံ့သည် ဖောက်ပြန်ခြင်းသဘော မရှိသည် ဖြစ်ရအံ့”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ်မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။