သံယုတ္တနိကာယ်—၂၂
(၁၅) ၅—ဒိဋ္ဌိဝဂ်
၁ဝ—အာနန္ဒသုတ်
၁၅၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ — “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော် အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ယင်းတရားတော်ကို နာရ၍ တစ်ယောက်တည်း ကိန်းအောင်းပြီးလျှင် မမေ့မလျော့ ပြင်းစွာလုံ့လပြုလျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ “ဟု (လျှောက်၏)။
အာနန္ဒာ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို “ ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ်’အတ္တ’တည်း “ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ တည်း “ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့် လျော်ပါ အသျှင်ဘုရား။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ငါးခုမြောက် ဒိဋ္ဌိဝဂ် ပြီး၏။
ဥပရိပဏ္ဏာသက ပြီး၏။
ခန္ဓသံယုတ် ပြီး၏။