သံယုတ္တနိကာယ်—၂၃

၁—ပဌမဝဂ်

၁—မာရသုတ်

၁၆ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား အသျှင်ဘုရား “သေခြင်း သေခြင်း”ဟု ဆိုအပ်၏၊ အဘယ်မျှဖြင့် သေခြင်း ဖြစ်ပါသနည်းဟု လျှောက်၏။

ရာဓ ရုပ်ရှိလျှင် သေခြင်းသည်လည်းကောင်း၊ သေစေသူသည်လည်းကောင်း၊ သေသူသည်လည်းကောင်း ရှိရာ၏။ ရာဓ ထိုသို့ဖြစ်သောကြောင့် သင်သည် ရုပ်ကို သေခြင်းတရားဟု ရှုလော့၊ သေစေသူဟု ရှုလော့၊ သေသူဟု ရှုလော့၊ ရောဂါဟု ရှုလော့၊ အနာဟု ရှုလော့၊ ငြောင့်ဟု ရှုလော့၊ ဆင်းရဲဟု ရှုလော့၊ ဆင်းရဲကြောင်း ဖြစ်၏ဟု ရှုလော့၊ ထိုရုပ်ကို ဤသို့ ရှုသူတို့သည် ကောင်းစွာရှုသူတို့ မည် ကုန်၏။ ဝေဒနာရှိလျှင်။ပ။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင်သေခြင်းတရားသည်လည်း ကောင်း၊ သေစေသူသည်လည်းကောင်း၊ သေသူသည်လည်းကောင်း ရှိရာ၏။

ရာဓ ထိုသို့ဖြစ်သောကြောင့် သင်သည် ဝိညာဏ်ကို သေခြင်းတရားဟု ရှုလော့၊ သေစေသူဟု ရှုလော့၊ သေသူဟု ရှုလော့၊ ရောဂါဟု ရှုလော့၊ အနာဟု ရှုလော့၊ ငြောင့်ဟု ရှုလော့၊ ဆင်းရဲဟု ရှုလော့၊ ဆင်းရဲကြောင်း ဖြစ်၏ဟု ရှုလော့၊ ထိုဝိညာဏ်ကို ဤသို့ ရှုသူတို့သည် ကောင်းစွာ ရှုသူတို့ မည်ကုန်၏။

အသျှင်ဘုရား ကောင်းစွာ ရှုခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ ရာဓ ကောင်းစွာ ရှုခြင်းသည်ငြီးငွေ့ခြင်း အကျိုးရှိ၏။ အသျှင်ဘုရား ငြီးငွေ့ခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ ရာဓ ငြီးငွေ့ခြင်းသည် စွဲမက်မှု ကင်းခြင်း အကျိုးရှိ၏၊ အသျှင်ဘုရား စွဲမက်မှု ကင်းခြင်းသည် အဘယ်အကျိုး ရှိပါသနည်း။ ရာဓ စွဲမက်မှု ကင်းခြင်းသည် လွတ်မြောက်ခြင်း အကျိုးရှိ၏။ အသျှင်ဘုရားလွတ်မြောက်ခြင်းသည် အဘယ်အကျိုးရှိပါသနည်း။ လွတ်မြောက်ခြင်းသည် နိဗ္ဗာန်ရောက်ကြောင်းအကျိုးရှိ၏။ အသျှင်ဘုရား နိဗ္ဗာန်သို့ ရောက်ခြင်းသည် အဘယ်အကျိုးရှိပါသနည်း။ ရာဓ ပြဿနာလွန်သွားပြီ၊ ပြဿနာ၏ အဆုံးကို ယူရန် မစွမ်းနိုင်၊ မြတ်သော အကျင့်ကို ကျင့်သုံးခြင်းသည်နိဗ္ဗာန်သို့ သက်ဝင်၏၊ နိဗ္ဗာန်လျှင် လဲ လျောင်းရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။