သံယုတ္တနိကာယ်—၃၅

(၁၂) ၂—လောကကာမဂုဏဝဂ်

၁—ပဌမ မာရပါသသုတ်

၁၁၄။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်နေသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံနေရ၏၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြုခံနေရ၏။ပ။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ ထိုအရသာကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်နေသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံနေရ၏၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြုခံနေရ၏။ပ။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်နေသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့်နှောင်ဖွဲ့ခံနေရ၏၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြုခံနေရ၏။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိ့ကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီ။ပ။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ ထိုအရသာကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီ။ပ။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီဟု (မိန့်တော်မူ၏)။

ပဌမသုတ်။