သံယုတ္တနိကာယ်—၃၅
၂—ယမကဝဂ်
၂—ဒုတိယ ပုဗ္ဗေသမ္မောဓ သုတ်
၁၄။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်းဖြစ်စဉ် ငါ့အား ဤသို့အကြံ ဖြစ်၏—“အဘယ်သည် အဆင်းတို့၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာ ဖြစ်သနည်း။ အဘယ်သည် အသံတို့၏။ အဘယ်သည် အနံ့တို့၏။ အဘယ်သည် အရသာတို့၏။ အဘယ်သည် အတွေ့အထိတို့၏။ အဘယ်သည် သဘောတရားတို့၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာဖြစ်သနည်း”ဟု အကြံ ဖြစ်၏။
ရဟန်းတို့ ထိုသို့ (အကြံဖြစ်ပေါ်သော) ငါ့အား ဤသို့ အကြံ ဖြစ်ပေါ်ပြန်၏— အဆင်းတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် အဆင်းတို့၏ သာယာဖွယ်တည်း၊ အဆင်းတို့၏ မမြဲခြင်းဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် အဆင်းတို့၏ အပြစ်တည်း။ အဆင်းတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း ပယ်ခြင်းသည် အဆင်းတို့၏ ထွက်မြောက်ရာတည်း။ အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် သဘောတရားတို့၏ သာယာဖွယ်တည်း၊ သဘောတရားတို့၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် သဘောတရားတို့၏ အပြစ်တည်း။ သဘောတရားတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကိုဖျောက် ခြင်း ပယ်ခြင်းသည် သဘောတရားတို့၏ ထွက်မြောက်ရာတည်း။
ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’ တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံ။
ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်ပဖြစ် တည်ရာ ‘ဗာဟိရာယတန’တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်းဖြစ်ပေါ်ခဲ့ပြီ၊ ငါ၏ ကိလေသာတို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝ၌ ကား နောက်ဆုံးဖြစ်သော ဘဝ တည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။