သံယုတ္တနိကာယ်—၃၅

(၁၃) ၃—ဂဟပတိဝဂ်

၇—ဟာလိဒ္ဒိကာနိသုတ်

၁၃ဝ။ အခါတစ်ပါး၌ အသျှင်မဟာကစ္စည်းသည် အဝနိ ္တတိုင်း ကုလဃရရွာ ပပါတတောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဟာလိဒ္ဒိကာနိသူကြွယ်သည် အသျှင်မဟာကစ္စည်းထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် အသျှင်မဟာကစ္စည်းအား ဤစကားကို လျှောက်ထား၏— “အသျှင် ဘုရားမြတ်စွာဘုရားသည် ‘ဓာတ်တို့၏ ထူးခြားမှုကို စွဲ၍ အတွေ့အထိ ထူးခြားမှု ဖြစ်ပေါ်၏၊ အတွေ့ အထိထူးခြားမှုကို စွဲ၍ ခံစားမှု’ဝေဒနာ’ ထူးခြားမှု ဖြစ်ပေါ်၏ ‘ဟူသော ဤစကားကို ဟောကြားတော်မူအပ်ပါ၏။ အသျှင်ဘုရား အဘယ်သို့လျှင် ဓာတ်တို့၏ ထူးခြားမှုကို စွဲ၍ အတွေ့အထိ ထူးခြားမှုဖြစ်ပေါ် ပါသနည်း၊ အတွေ့အထိ ထူးခြားမှုကို စွဲ၍ ခံစားမှု’ဝေဒနာ’ ထူးခြားမှု ဖြစ်ပေါ်ပါသနည်း”ဟုလျှောက်၏။

သူကြွယ် ဤသာသနာတော်၌ ရဟန်းသည် စိတ်နှလုံးကို ပွားစေတတ်သော အဆင်းကို မြင်သော် ဤအဆင်းသည် ဤသို့သဘောရှိ၏ဟု သိ၏။ စက္ခုဝိညာဏ်ကိုလည်းကောင်း၊ သုခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ မျက်စိဖြင့် စိတ်နှလုံးကိုမပွားစေတတ်သော အဆင်းကိုပင် မြင်သော် ဤအဆင်းသည် ဤသို့သဘောရှိ၏ဟု သိ၏။ စက္ခုဝိညာဏ်ကိုလည်းကောင်း၊ ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ မျက်စိဖြင့် ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော အဆင်းကိုပင် မြင်သော် ဤအဆင်းသည် ဤသို့သဘောရှိ၏ဟု သိ၏။ စက္ခုဝိညာဏ်ကိုလည်းကောင်း၊ ဥပေက္ခာ၏အကြောင်းဖြစ်သော တွေ့ ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ ဥပေက္ခာဝေဒနာ ဖြစ်၏။

သူကြွယ် နောက်တစ်မျိုးကား ရဟန်းသည် နားဖြင့် အသံကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ကိုနမ်းရှူသော်။ပ။ လျှာဖြင့် အရသာကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ပ။ စိတ်ဖြင့် စိတ်နှလုံးကို ပွားစေတတ်သော သဘောတရားကို သိသော် ဤသဘောတရားသည် ဤသို့သဘောရှိ၏ဟု သိ၏။ မနောဝိညာဏ်ကိုလည်းကောင်း၊ သုခဝေဒနာ၏ အကြောင်းဖြစ်သောတွေ့ထိမှု’ဖဿ’ကိုလည်း ကောင်း စွဲ၍ သုခဝေဒနာသည် ဖြစ်၏။ စိတ်ဖြင့် စိတ်နှလုံးကိုမပွားစေတတ်သော သဘောတရားကိုပင် သိသော် ဤသဘောတရားသည် ဤသို့သဘောရှိ၏ဟု သိ၏။

မနောဝိညာဏ်ကိုလည်းကောင်း၊ ဒုက္ခ ဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ကိုလည်းကောင်းစွဲ၍ ဒုက္ခဝေဒနာသည် ဖြစ်၏။ စိတ်ဖြင့် ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော သဘောတရားကိုပင်သိသော် ဤသဘောတရားသည် ဤသို့ သဘောရှိ၏ဟု သိ၏။ မနောဝိညာဏ်ကိုလည်းကောင်း၊ ဥပေက္ခာဝေဒနာ၏ အကြောင်းဖြစ်သော တွေ့ထိမှု ‘ဖဿ’ ကိုလည်းကောင်း စွဲ၍ ဥပေက္ခာဝေဒနာသည်ဖြစ်၏။

သူကြွယ် ဤသို့လျှင် ဓာတ်တို့၏ ထူးခြားမှုကို စွဲ၍ အတွေ့အထိ ထူးခြားမှု ဖြစ်၏၊ အတွေ့အထိထူးခြားမှုကို စွဲ၍ ခံစားမှု ‘ဝေဒနာ’ ထူးခြားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။