သံယုတ္တနိကာယ်—၃၅
၂—ယမကဝဂ်
၃—ပဌမ အဿာဒပရိယေသနသုတ်
၁၅။ ရဟန်းတို့ ငါဘုရားသည် မျက်စိ၏ သာယာဖွယ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏သာယာဖွယ်ကို သိခဲ့ပြီ၊ မျက်စိ၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ငါသည် မျက်စိ၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏ အပြစ်ကို သိခဲ့ပြီ၊ မျက်စိ၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် မျက်စိ၏ ထွက်မြောက်ရာကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ မျက်စိ၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ မျက်စိ၏ ထွက်မြောက်ရာရှိသမျှကိုပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် နား၏။ နှာခေါင်း၏။ လျှာ၏ သာယာဖွယ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏ သာယာဖွယ်ကို သိခဲ့ပြီ၊ လျှာ၏ သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် လျှာ၏ အပြစ်ကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏အပြစ်ကို သိခဲ့ပြီ၊ လျှာ၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည်လျှာ၏ ထွက်မြောက် ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ လျှာ၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ လျှာ၏ထွက်မြောက်ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ပ။ကိုယ်၏။ပ။ ရဟန်းတို့ ငါသည် စိတ်၏သာယာဖွယ်ကို ရှာမှီး လျက် လှည့်လည်ဖူးပြီ၊ စိတ်၏ သာယာဖွယ်ကို သိခဲ့ပြီ၊ စိတ်၏သာယာဖွယ်ရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် စိတ်၏ အပြစ်ကိုရှာမှီးလျက် လှည့်လည်ဖူးပြီ၊ စိတ်၏ အပြစ်ကို သိခဲ့ပြီ၊ စိတ်၏ အပြစ်ရှိသမျှကို ပညာဖြင့် ငါကောင်းစွာ မြင်အပ်ပြီ။ ရဟန်းတို့ ငါသည် စိတ်၏ ထွက်မြောက်ရာကို ရှာမှီးလျက် လှည့်လည်ဖူးပြီ၊ စိတ်၏ ထွက်မြောက်ရာကို သိခဲ့ပြီ၊ စိတ်၏ ထွက်မြောက် ရာရှိသမျှကို ပညာဖြင့် ငါ ကောင်းစွာ မြင်အပ်ပြီ။
ရဟန်းတို့ ငါသည် ဤခြောက်ပါးကုန်သောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး။ပ။ သိပြီးသောအခါ၌ သာလျှင်။ပ။ ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်း ဖြစ်ပေါ်ခဲ့ပြီ၊ (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝကားနောက်ဆုံးဖြစ်သော ဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေ နေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။
တတိယသုတ်။